Saturday, November 25, 2017

#ရာဇကုမာရ်ကျောက်စာ


#ရာဇကုမာရ်ကျောက်စာ

ရာဇကုမာရ်ကျောက်စာနှင့်ပတ်သက်၍ တွေ့ရှိမိသလောက် တင်ပေးလိုက်ပါ၏။ မူရင်းရေးသားသူများအား Creditပေးပါ၏။LuGyi(18.10.2017)

ရာဇကုမာရ်ကျောက်စာ

ရာဇကုမာရ်ကျောက်စာတိုက်အတွင်း၌ ကျောက်စာ တိုင်ခေါင်းကို ကျောက်စာတိုင် လဲမကျစေရန်သံကြိုးဖြင့် တွဲထားပြီး သံတိုင်များဖြင့် ကာရံထားသည်။ ကျောက်စာ လေးမျက်နှာလုံးကို ကောင်းစွာမြင်ရပြီး ကျောက်စာတိုက်၏ အတွင်းနံရံပေါ်တွင် ရာဇကုမာရ်ကျောက်စာသမိုင်းအကျဉ်း နှင့် က္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်း သတ်မှတ်ခံရခြင်း အကြောင်းများကို ရေးသားထားသည်။

မြစေတီကျောက်စာဟု ထင်ရှားသည့် ရာဇကုမာရ် ကျောက်စာသည် ၂ဝ၁၅ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ ပညာ ရေး၊သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) ၏ မှတ်တမ်း အမွေအနှစ် (Memory of the World) အဖြစ် အသိအမှတ် ပြုခြင်းခံခဲ့ရသည်။ မှတ်တမ်း အမွေအနှစ်သည် စာကြည့်တိုက်၊ ပြတိုက်နှင့်မော်ကွန်းတိုက်ဆိုင်ရာ စုဆောင်းမှုများဖြစ်သော ကျောက်စာ၊ လက်ရေးစာများ၊တန်ဖိုးမဖြတ်နိုင်သောစာအုပ် များ၊သတင်းစာများ၊ ဓာတ်ပုံနှင့်ပန်းချီကားများ၊ ဖလင်များ၊ အသံနှင့်ဗီဒီယိုအခွေများ၊စီဒီ၊အသံမှတ်တမ်းများ၊ စာရွက် စာတမ်းအထောက်အထားများ စသည်တို့ဖြစ်သည်။

မြန်မာနိုင်ငံတွင် စာပေအရေးအသား စတင်ပေါ်ပေါက် ခဲ့သည့် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်မှစ၍ ကျောက်စာ၊ အိုးစာ၊ပေစာ၊ မင်စာ၊ ခေါင်းလောင်းစာ စသည်ဖြင့် မှတ်တမ်းစာများကို ခေတ်အဆက်ဆက် ရေးသားခဲ့ကြသဖြင့် မြန်မာနိုင်ငံ၏ အတိတ်သမိုင်းကို ဖော်ထုတ်ရာတွင် ကျောက်စာ များက များစွာအထောက်အကူပြုခဲ့သည်။ ထို့အတူ ပုဂံ ခေတ်ကရေးထိုးခဲ့သည့် ကျောက်စာများသည်လည်း ပုဂံ သမိုင်းကို ဖော်ထုတ်ရာတွင် ခိုင်မာသောအထောက်အထား များ ဖြစ်လာခဲ့ပေသည်။

ပုဂံခေတ်ကျောက်စာများအနက် ရာဇကုမာရ် ကျောက်စာ နှစ်ချပ်သည် အကြောင်းအရာ တစ်ခုတည်းကို ဘာသာစကား လေးမျိုးဖြင့်ရေးထိုးထားသဖြင့် ကျောက်စာပါ အကြောင်းအရာ များကို တစ်ဘာသာနှင့်တစ်ဘာသာ ဆက်စပ်၍ အဓိပ္ပာယ် ဖော်နိုင်ခဲ့ကာ ပုဂံခေတ်စာပေအရေးအသား ဘာသာစကား လေးမျိုးကို ပညာရှင်များက လေ့လာသုတေသန ပြုနိုင်ခဲ့ကြ သည်။

ဗြိတိသျှကိုလိုနီခေတ်၊ ကမ္ပည်းကျောက်စာဌာန အရာရှိ၊ ပါဠိ ပါမောက္ခ ဒေါက်တာ အီးဖော်ချားမား(Dr.Emil Forchmmer) သည် ၁၈၈၆ ခုနှစ်တွင် မြစေတီမြောက်ဘက် အနီး ဂူဘုရားပျက်မှ လေးမျက်နှာပါ ကျောက်စာတစ်ချပ်ကို တွေ့ရှိခဲ့သည်။ ယင်ကျောက်စာကို မြစေတီဘုရားမှ ရရှိခဲ့သော ကြောင့် မြစေတီကျောက်စာဟု အမည်ပေးခဲ့ပြီး ယခုအခါတွင် ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင် ပြသထားသည်။ မြစေတီ ကျောက်စာဟု အမည်ပေးခဲ့သည့် ကျောက်စာသည် ကျောက်စာရေးထိုးသူ ရာဇကုမာရ်မင်းသားကို အစွဲပြု၍ ရာဇကုမာရ်ကျောက်စာဟုလည်း ထင်ရှားခဲ့သည်။

ဒေါက်တာအီးဖော်ချားမားတွေ့ရှိခဲ့သည့် ကျောက်စာနှင့် ထပ်တူညီစွာ ဘာသာလေးမျိုးဖြင့် ရေးထိုးထားသည့် ကျောက်စာထက်ပိုင်းကျိုးသုံးခုကို မြင်းကပါ ဂူပြောက်ကြီး ဘုရားအနီးမှ တစ်ခု၊ ၁၉ဝ၄ ခုနှစ်တွင် မြစေတီ၏ ပြိုပျက်နေ သော မဟာရံတံတိုင်းကို ပြင်ဆင်ရာမှ တစ်ခု၊ မြစေတီ၏ အရှေ့ဘက် ခြေရင်းတွင် ကပ်လျက်ရှိနေသည့် ပိဋကတ်တိုက်ဟု ယူဆရသည့် အဆောက်အအုံဟောင်းအတွင်းမှ တစ်ခု ရရှိခဲ့သည်။ ယင်းကျောက်စာပိုင်းသုံးခုအား ပြန်လည် ဆက်စပ်ပြီး ၁၉၇၆ ခုနှစ်တွင် မြစေတီဘုရား ရင်ပြင်ပေါ်၌ ကျောက်စာတိုက် ဆောက်လုပ်၍ ယနေ့တိုင် ထိန်းသိမ်းပြသ ထားသည်။

ကျောက်စာနှစ်ခုလုံးတွင် ရေးထွင်းထားသောစာသား များသည် တူညီသော စာသားများဖြစ်ကြသဖြင့် ပါမောက္ခ ဆရာကြီး ဦးဖေမောင်တင်က ဒုတိယကျောက်စာသည် ပထမ ကျောက်စာ၏ မိတ္တူဖြစ်ကြောင်းရေးသားခဲ့သည်။အကြောင်း အရာတစ်ခုတည်းကို ပျူ၊ မွန်၊ ပါဠိ၊ မြန်မာ အက္ခရာလေးမျိုးဖြင့် ရေးထိုးထားကာ အက္ခရာစာလုံးများသည် လေးထောင့်၊ မန်ကျည်းစေ့ပုံ များဖြစ်သည်။ ရာဇကုမာရ် ကျောက်စာကို ။ ဂြီ ။ နမောဗုဒ္ဓါယ၊ ပုရှာသ္ခင် သာသနာအနှစ်တစ်ထောင် ခြောက်ရျာ နှစ်ဆာယ် ဟေတ်နှစ် လောန်လိယ်ဗြီရကာ။ ဤ ယ် အရိမဒ္ဒန ပုရ် မည်သုပြည် နှိက်အာ ။ ဂြီတြိဘုဝနာ ဒိတျဓမ္မရာဇ် မည်သုမဟု အစချီ ရေးထိုးထားသည်။
မြန်မာသက္ကရာဇ် ၄၇၅ ခုနှစ် (ခရစ်နှစ် ၁၁၁၃ ခုနှစ်) ၌ ရာဇကုမာရ်မင်းသား ရေးထိုးခဲ့သည့် ယင်းကျောက်စာသည် မြန်မာ အက္ခရာသုံးကျောက်စာများအနက် ရေးထိုးခဲ့သော ခုနှစ်ပါရှိသည့် အစောဆုံး မူလထိုးကျောက်စာ ဖြစ်သည်။

ရာဇဝင်များအရ ကျန်စစ်သားမင်းကြီးသည် အနော်ရထာ ဘုရင်လက်ထက်တွင် အနော်ရထာမင်း စိတ်အခန့်မသင့်သဖြင့် ကြောင်ဖြူအရပ်တွင် ပုန်းရှောင်နေခဲ့စဉ် ရှင်မထီးတူမ သ္ဘူလ နှင့် ပေါင်းဖက်ခဲ့သည်။ အနော်ရထာမင်း ကံကုန်တော်မူပြီး စောလူးမင်းနန်းတက်သောအခါ ကျန်စစ်သားသည် ပုဂံ သို့ပြန်လာချိန်၌ သ္ဘူလသည် ပဋိသန္ဓေနှင့် ကျန်ရစ်ခဲ့သည်။ ကျန်စစ်သားက သမ္ဘူလအား ပတ္တမြားလက်စွပ်ကို ပေးခဲ့ကာ သားယောက်ျားလေးဖွားမြင်ပါက လက်စွပ်ကို သက်သေပြု လျက် ပုဂံသို့လိုက်လာရန် မှာကြားခဲ့သည်။

ကျန်စစ်သားသည် မြန်မာသက္ကရာဇ် ၄၄၆ ခုနှစ် (ခရစ်နှစ် ၁ဝ၈၄ ခုနှစ်)တွင် ပုဂံဘုရင်ဖြစ်လာခဲ့သည်။ နှစ်နှစ်အကြာ၌ သမ္ဘူလသည် ပတ္တမြားလက်စွပ်ကို ယူဆောင်လျက် အသက် ခုနစ်နှစ် ရှိပြီဖြစ်သော သားဖြစ်သူ ရာဇကုမာရ်မင်းသားနှင့်အတူ ကျန်စစ်သားမင်းကြီးထံသို့ ရောက်ရှိလာခဲ့သည်။မင်းကြီးသည် သမ္ဘူလ၏ကျေးဇူးများကို သတိရလျက် 'သုံးလောက၏ ဦးဆောက်ပန်း' ဟု အဓိပ္ပာယ်ရသည့် 'တိလောက ဝဋံ့သကာ ဒေဝီ' ဘွဲ့တော်ဖြင့် မိဖုရားမြှောက်ခဲ့သည်။ ထိုအချိန်တွင် ကျန်စစ်သားမင်းကြီးသည် မြေးတော်အလောင်းစည်သူအား ဘိသိက်သွန်းကာ နန်းမွေခံအဖြစ် လျာထားပြီးဖြစ်သောကြောင့် ရာဇကုမာရ်သည် သားအရင်းဖြစ်ပါလျက် ဇေယျခေတ္တရာ ဘွဲ့ကိုသာရရှိပြီး တောင်စဉ်ခုနစ်ခရိုင်ကို စားခဲ့ရသည်ဟု ဆိုခဲ့ ကြသည်။

ရာဇကုမာရ်နှင့်ဇေယျခေတ္တရာ

သို့သော် ဘိုးတော်ဘုရား ဗဒုံမင်းလက်ထက်တွင် ကျောက်စာများကို ကိုးကားပြုစုခဲ့သည့် တွင်းသင်းမြန်မာ ရာဇဝင်သစ်တွင် ကျမ်းပြုပုဂ္ဂိုလ် တွင်းသင်းမင်းကြီးက ဦးကုလားရာဇဝင်တွင် ပြဆိုခဲ့သည့် သမ္ဘူလသားအမိ ဇာတ်လမ်းကို အမှာစကားချပ်ဖြင့် ပယ်ခဲ့သည်။ (ဒုတိယ အကြိမ်ရိုက်တွင်းသင်းမြန်မာရာဇဝင်သစ် ပထမတွဲ၊ စာမျက်နှာ ၁၁၁) ရာဇကုမာရ်ကျောက်စာတွင် ဇေယျခေတ္တရာဟူသည့် အမည်နှင့်ဆက်စပ်မှုများ မပါရှိကြောင်း ပညာရှင်များက ထောက်ပြခဲ့ကြသည်။သမိုင်းပညာရှင်ပါမောက္ခဒေါက်တာ သန်းထွန်းက ကျန်စစ်သားသည် ခရစ်နှစ် ၁ဝ၈၄ ခုနှစ်တွင် ပုဂံဘုရင်ဖြစ်လာခဲ့ပြီး နှစ်နှစ်အကြာ ၁ဝ၈၆ ခုနှစ်၌ သမ္ဘူလ နှင့်သားဖြစ်သူ ရာဇကုမာရ်တို့သည် ပုဂံသို့ရောက်ရှိလာခဲ့သည်။ထိုအချိန်တွင် အလောင်းစည်သူအား နန်းလျာထားပြီးကြောင်း ရာဇဝင်ကဆိုသော်လည်း ခရစ်နှစ် ၁၁ဝ၅ ခုနှစ်ထိုး ကျောက်စာ အရ အလောင်းစည်သူကို ၁ဝ၈၉ ခုနှစ်တွင် မွေးဖွားခဲ့သဖြင့် အများလက်ခံထားသည့် ရာဇကုမာရ်ဇာတ်လမ်းသည် ခိုင်လုံမှုမရှိကြောင်း သုံးသပ်ခဲ့သည်။

ရာဇကုမာရ်ကျောက်စာတွင် ရေးထိုးထားသော ပျူ၊ မွန် နှင့် မြန်မာ စာသားများ၏ အဓိပ္ပာယ်များသည် ထပ်တူထပ်မျှ တူညီသော်လည်း ပါဠိဘာသာဖြင့် ရေးထိုးထားသည့် အကြောင်းအရာများတွင် အချက်အလက်အနည်းငယ်ပို နေကြောင်း ပါဠိဘာသာ ပညာရှင် ဆရာကြီး ဦးကျော်ရှိန်က ထောက်ပြခဲ့သည်။ ကျောက်စာတွင် ပါဠိဘာသာဖြင့် 'ရာဇကုမာရော နာမ နာမတော' ဟုရေးထိုးထားခြင်းသည် 'အမည်အားဖြင့် ရာဇကုမာရ်မည်သော' ဟု ဆိုလိုခြင်းဖြစ် ကြောင်းနှင့် 'အမစ္စော၊ မဟာအမစ္စော' ဟု ဖော်ပြထား ခြင်းသည် ရာဇကုမာရ်သည် အမတ်တစ်ဦးဖြစ်ကြောင်း ထင်ရှား စေသည်ဟု ဆိုသည်။

ဇေယျခေတ္တရာသည် တောင်စဉ် ခုနစ်ခရိုင်ကို စားရသော မင်းသားငယ်သာဖြစ်သဖြင့် ရာဇကုမာရ်အမတ်ကြီးသည် ဇေယျ ခေတ္တရာ မဖြစ်နိုင်တော့ပါဟု ဆရာကြီး ဦးကျော်ရှိန်က သုံးသပ်ခဲ့သည်။ ကျောက်စာလေးဘာသာလုံးတွင် ရာဇကုမာရ် ကို မိဖုရား၏ သားဟုဖော်ပြထားသော်လည်း ကျန်စစ်သား၏သားတော်ဟု ဖော်ပြမထားခြင်း၊ ရာဇကုမာရ်က ကျန်စစ်သား အား ဖခင်၊ အဖ စသည်ဖြင့် မခေါ်ဝေါ်ဘဲ သခင်၊ အရှင်ဟုသာ ခေါ်ဝေါ်ခြင်းတို့ကြောင့် ကျောက်စာရှင် ရာဇကုမာရ်သည် ဇေယျခေတ္တရာမဟုတ်သည့်အပြင် ကျန်စစ်သား၏ သားတော် ဖြစ်ကြောင်း အတိအကျဆိုနိုင်ရန် ခိုင်လုံသော အထောက် အထားများကို ကျောက်စာတွင် မတွေ့ရှိရကြောင်း ထောက်ပြခဲ့ သည်။

ရာဇကုမာရ်၏ ကျေးဇူးသိတတ်မှု

ရာဇကုမာရ်သည် မြန်မာသက္ကရာဇ် ၄၇၄ ခုနှစ် (ခရစ်နှစ် ၁၁၁၃ ခုနှစ်) တွင် ကျန်စစ်သားမင်းကြီး သေအံ့မူးမူးအချိန်၌ ဘုရားရှင်ရွှေဆင်းတုတော်ကို ပင့်ဆောင်လာကာ ရဟန်းတော် တို့ထံမှောက်တွင် မင်းကြီးကိုယ်တော်တိုင် ရေစက်သွန်းချ လှူဒါန်းစေခဲ့သည်။ ရာဇကုမာရ်သည် ရွှေအထွတ်ရှိသည့် ဂူဘုရားတစ်ဆူကို ရွှေအတိပြီးသည့် ဘုရားရှင်ဆင်းတုတော်ကို ဌာပနာလျက် ပုဂံမြင်းကပါအရပ်တွင် တည်ထားခဲ့သည်။ (ထိုဂူဘုရားသည် မြစေတီနှင့်ကပ်လျက်တည်ရှိနေသော ဂူပြောက်ကြီးဘုရားဖြစ်ကြောင်း ပညာရှင်များက ယူဆကြ သည်။)
'သီရိ၊ နမော ဗုဒ္ဓါယ၊ ဘုရားသခင် သာသနာအနှစ် တစ်ထောင်ခြောက်ရာ နှစ်ဆယ်ရှစ်နှစ် လွန်လေပြီးရကား၊ ဤအရိမဒ္ဒနာပုရ် မည်သောပြည်၌ သီရိတြိဘုဝနာဒိတျဓမ္မရာဇ် မည်သောမင်းဖြစ်၏ ။ ထိုမင်း၏ ပယ်မယား တစ်ယောက်သော် ကား တြိလောက ဝဋံ့ သကာဒေဝီမည်၏။ ထိုပယ်မယားသား တစ်မူလည်း ရာဇကုမာရ်မည်၏။ ထိုမင်းကား ကျွန်သုံးရွာတည်း ပယ်မယားအားပေး၏။ ထိုပယ်မယားသေခဲ့ရကား ထိုပယ် မယားတန်ဆာနှင့် ထိုကျွန်သုံးရွာသောနှင့်တည်း ထိုပယ်မယား သား ရာဇကုမာရ် မည်သောအားမင်းပေးတုံ၏။ ထိုမင်းအနှစ် နှစ်ဆယ်ရှစ်နှစ် မင်းမူပြီး၍ သေခမူ နာသရော၌တည်း။ ထိုရာဇကုမာရ်မည်သော ပယ်မယားသား မိမိကိုယ်မွေးသော မင်းကြီး ကျေးဇူးကို အောက်မေ့ရကား ရွှေအတိသော ဘုရား သခင် အဆင်းပြု၍ နှပ်လေသရောတည်း ဤသို့မိန့်၏။ ဤ ရွှေဘုရားကား ငါ့သခင်အဖို့ အတို့ကျွန်ပြုသောတည်း။ ကျွန်သုံးရွာ အတို့ကျွန် ငါ့သခင်ပေးသည်ကား ဤရွှေဘုရားအား အတို့ ကျွန်ပေး၏' (ဆရာဇော်ဂျီ ၏ မြစေတီကျောက်စာ မှ) ရာဇကုမာရ်သည် ဘုရားကို ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် သက်နုမုလွန်၊ ရပါယ်၊ ဟေန်ဗိုဝ်ဟူသည့်ကျွန်သုံးရွာကို လှူ ဒါန်းခဲ့ပြီး အမိအဖတို့အတွက် မိမိဆောင်ရွက်ခဲ့သည့် ကုသိုလ် အမှုတို့ကို ကျောက်စာတွင် မှတ်တမ်းတင်ခဲ့သည်။ ရာဇကုမာရ်သည် ဂူဘုရားတည်ခဲ့ပုံ၊ ကျွန်သုံးရွာ လှူဒါန်းခဲ့ပုံ တို့ကို ဆုတောင်းစာ၊ ကျိန်စာများဖြင့် အဆုံးသတ်ခဲ့သည်။

ပညာရှင်များက ရာဇကုမာရ် ကျောက်စာပါစာသားများ သည် ရှေးအကျဆုံး မြန်မာစကားပြေဖြစ်ပြီး ဘာသာဗေဒ တန်ဖိုးမြင့်မားသကဲ့သို့ သမိုင်းဆိုင်ရာ ဆောင်ရွက်ချက်များကို ထင်ရှားစွာတွေ့မြင်ကြရကြောင်း သုံးသပ်ခဲ့ကြသည်။

ရာဇကုမာရ်ကျောက်စာအား လန်ဒန်တက္ကသိုလ်မှ ဒေါက်တာဘလက်ဒင်က အင်္ဂလိပ်ဘာသာသို့ပြန်ဆို၍ ၁၉၁၉ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး ဦးဖေမောင်တင်က မွန်ဘာသာမှ မြန်မာ ဘာသာသို့ ပြန်ဆိုကာ ၁၉၅၅ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။

ရာဇကုမာရ်ကျောက်စာသည် ပုဂံခေတ်အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေး၊ သာသနာရေး၊ စာပေ ၊ ကျွန်ရွာပေးခြင်း၊ ဘုရားပုထိုးတည်၍ ဆင်းတုတော် ဌာပနာခြင်း၊ ကျောက်စာ ရေးထိုးခြင်း၊ ကောင်းမှုကုသိုလ်ကို ရေစက်ချလှူဒါန်း၍ ဆုတောင်းခြင်း၊ ဘုရား၊ ပုထိုးများသို့ ကျွန်များလှူခြင်း၊ ဘုရား စေတီ ဖျက်ဆီးသူများအား ကျိန်စာပေးခြင်းစသည်ဖြင့် အစဉ် အလာနှင့် ယဉ်ကျေးမှုသမိုင်းကို ဖော်ထုတ်ရာတွင်များစွာ အထောက်အပံ့ဖြစ်ခြင်းကြောင့် ကမ္ဘာ့အမွေအနှစ်တစ်ရပ် အဖြစ် တန်ဖိုးထားနိုင်ရန် နိုင်ငံတော်က ယူနက်စကိုသို့ အမည် စာရင်းတင်သွင်းခဲ့သည်။

နှစ်ပေါင်း ၉ဝဝ သက်တမ်းရှိပြီဖြစ်သည့် မြစေတီ ကျောက်စာခေါ် ရာဇကုမာရ်ကျောက်စာသည် ၂ဝ၁၅ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကမ္ဘာ့ မှတ်တမ်းအမွေအနှစ် ဖြစ်လာခဲ့သည်။ရာဇကုမာရ်ကျောက်စာ နှင့်အတူ ဂျာမနီနိုင်ငံ၊ ဟန်နိုဗာမြို့Gottfried Wilhelm Leibniz စာကြည့်တိုက်တွင်ရှိနေသည့် အလောင်းမင်းတရား ရွှေပေလွှာသည်လည်း က္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရသည်။

ရာဇကုမာရ်သည် ကျန်စစ်သားမင်းကြီး၏ သားတော်ဖြစ် ကြောင်းအခိုင်အမာမဆိုနိုင်သေးသော်လည်း ကျန်စစ်သား မင်းကြီး၏ တိလောက ဝဋံ့သကာဒေဝီ မိဖုရားက ဖွားမြင်သည့် သားတော်ဖြစ်ကြောင်းကား ထင်ရှားပေသည်။ ထို့ကြောင့် ကျန်စစ်သားမင်းကြီးသည် ရာဇကုမာရ်၏ ဖခင်အရင်းမဟုတ် လျှင်ပင် ရာဇကုမာရ်၏ နှောင်းဖခင်(ပထွေး) ဖြစ်ကြောင်း ယူဆရပေမည်။ မည်သို့ပင်ဆိုစေ မိမိကို ချီးမြှောက်ခဲ့သော ကျန်စစ်မင်းကြီးအပေါ် ကျေးဇူးသိခဲ့သည့် ရာဇကုမာရ်မင်းသား ၏ သမိုင်းမှတ်တမ်းကျောက်စာတိုင်ကို ကျွန်တော်ကြည့်၍ မဝနိုင်ခဲ့ပါချေ။

 Crd - မောင်သာ(ရှေးဟောင်းသုတေသန)
ကိုးကား
မြစေတီကျောက်စာ(ဇော်ဂျီ)
ရာဇကုမာရ်ပြဿနာ(ဦးကျော်ရှိန်)
ချစ်သူများကို အဆုံးစီရင်ခြင်း(မောင်ခင်မင်၊ဓနုဖြူ)
ပုဂံခေတ် မြန်မာစာ(စောလူ)
******************************************
မြစေတီကျောက်စာ(ရာဇကုမာရ်ကျောက်စာ)

          အေဒီ ၁၁၁၃ ခုနှစ် က ကျောက်တုံးပေါ်တွင် ရေးထိုးခဲ့သော မြစေတီကျောက်စာ သည် မြစေတီ ခြေရင်းနားတွင်တွေ့ရှိရသည်။ ရာဇကုမာရ် ရေးထိုးခဲ့သောကြောင့် ရာဇကုမာရ်ကျောက်စာဟုလည်းခေါ်သည်။ အလားတူ ကျောက်စာတစ်ခုကိုလည်း
မြစေတီအနီးရှိ အဆောက်အဦးတွင်လည်း တွေ့ရသည်။ ၎င်းကျောက်စာ နှစ်ခုစလုံးတွင် မျက်နှာလေးဖက်ပါပြီး ပါဠိ၊ မွန်၊ မြန်မာ နှင့် ပျူ ဘာသာများတို့ဖြင့် ရေးသားထားသည်။ မြစေတီ ကျောက်စာတိုင်သည် အမြင့် ၅၅ လက်မ ရှိ၍ လေးဖက်လုံးတွင် အကျယ် ၁၄ လက်မရှိသည်။ မြစေတီကျောက်စာအရ ရာဇကုမာရ်မင်းသားသည် ကျန်စစ်သားမင်းနှင့် ကြင်ရာတော် သမ္ဘူလ၏သားဖြစ်သည်ဟုသိရ
သည်။ ကျန်စစ်သား မင်းဖြစ်သောအခါ သမ္ဘူလနှင့်သား (ရာဇကုမာရ်) မြို့တော်သို့ ရောက်လာသည်။ သို့သော် သားအရင်းဖြစ်သည့် ရာဇကုမာရ်အား ထီးနန်းအရိုက်အရာမပေးနိုင်ပဲ သမီးဖြစ်သူ ရွှေအိမ်စည် နှင့် မွန်ဘုရင် မနူဟာ၏မြေးတော်သူတို့မှ ဖွားမြင်သည့် မြေးတော်အလောင်းစည်သူ အားနန်းလျာထားပြီးဖြစ်သဖြင့် ရာဇကုမာရ်အား ဓညဝတီတောင်စဉ် ၇ ခရိုင်အားပေးခြင်းဖြင့် နှစ်
သိမ့်ခဲ့သည်။ ရာဇကုမာရ်ကလည်း ကျေးဇူးသိတတ်သောအားဖြင့် ကျန်စစ်သား နာမကျန်းဖြစ်ချိန်တွင် မိမိပိုင်ရွှေ၊ငွေ ဥစ္စာများဖြင့် ဗုဒ္ဓရုပ်ပွားတော်များ သွန်းလုပ်ပူဇော်ပေးခဲ့သည်။ ထိုသို့သော ကုသိုလ်အကြောင်းကို မြစေတီကျောက်စာအဖြစ် ရေးထိုးခဲ့ခြင်းဖြစ်သည်။ ကျောက်စာတွင် ဆုတောင်းလွှာ နှင့် ကြိမ်စာများ ပါရှိသည်။

မြစေတီကျောက်စာ

          ပုဂံမြို့တောင်ဖက်၊ မြင်းကပါရွာရှိ မြစေတီဘုရားအနီး၌ တွေ့ခဲ့သည်ကို အကြောင်းပြု၍ မြစေတီ ကျောက်စာဟု အမည်တွင်လျက်ရှိသော ကျောက်စာကား ရှေးပုဂံခေတ်ဟောင်းတွင် ရေးထိုးသော ကျောက်စာများအနက် လက်ဦးကျရုံမ
ကဘဲ သမိုင်းနှင့် စာပေတို့ကို ခန့်မှန်းသုံးသပ်ရာ၌ အထောက်အကူပြုသောကြောင့် အလေးတမူ ဂရုပြုကာ အရေးထားအပ်သော ကျောက်စာဖြစ်၏။ ယင်းကျောက်စာကို ဂူပြောက်ကြီး ကျောက်စာဟူ၍လည်းခေါ်ကြသည်။

ကျောက်စာတိုက် နှစ်တိုက်

        မြစေတီ ကျောက်စာတိုက်နှစ်တိုင်ရှိရာ၊ ပုဂံပြည်တိုက်တွင် ကျောက်စာတိုင် တစ်ခုရှိ၍၊ မြင်းကပါ မြစေတီ ရင်ပြင်ပေါ်တွင်ကျောက်စာတိုင် တစ်ခုကို စိုက်ထူထား၏။ ပုဂံပြတိုက်တွင်ရှိသော ကျောက်စာတိုင်ကို ခရစ်နှစ် ၁၈၈၆ - ၈၇ ခု( မြန်မာ ၁၂၄၈ ခုနှစ်ခန့်) တွင် ရန်ကုန်အစိုးရ ကောလိပ်ပါဠိစာ ပါမောက္ခနှင့် အစိုးရ ကျောက်စာဝန်အဖြစ် တွဲဖက်ရွက်ဆောင်သော ဂျာမန်ပညာရှိ ဒေါက်တာ ဖိုရှမ်းမားသည် ပုဂံမြို့ တောင်ဖက် မြင်းကပါရွာအနီး မြစေတီခြေရင်း၌ ကပ်လျက်စတင်တွေ့ရှိခဲ့၏။
မြစေတီ ရင်ပြင်ပေါ်တွင်စိုက်ထူထားသော ကျောက်စာတိုင်ကိုမူ ဂူပြောက်ကြီးလိုဏ်ဂူအတွင်း၌ ၃ ပိုင်း ကျိုးပြတ်လျက် စတင်တွေ့ခဲ့ရလေသည်။ ကျောက်စာတိုင် တစ်တိုင်တွင် ၄ မျက်နှာရှိရာ၊ တစ်မျက်နှာလျှင် ဘာသာတစ်မျိုးစီရှိလျက် ပါဠိ၊မြန်မာ၊ မွန်နှင့်
ပျူစာ ၄ မျိုးရေးထိုးထား၏။ ပုဂံပြည်တိုက်တွင်ရှိသော ကျောက်စာတိုင်သည် လေးထောင့်မတ်ရပ် ကျောက်စာတိုင်ဖြစ်၍၊ လေးဖက်စာမျက်နှာပြင် အကျယ်ချင်းညီ၏။ အမြင့် ၅ ပေ ၁၁ လက်မ၊ စာမျက်နှာ အမြင့် ၃ ပေ ၆ လက်မ၊ အကျယ် ၁ ပေ ၂ လက်ခန့် ရှိ၏။
       ပါဠိစာမျက်နှာ၌ စာကြောင်းရေ ၄၁၊ မြန်မာစာမျက်နှာတွင် စာကြောင်းရေ ၃၉၊ မွန်စာမျက်နှာတွင် စာကြောင်းရေ ၃၃ နှင့်ပျူစာမျက်နှာတွင် စာကြောင်းရေ ၂၆ အသီးအသီး ပါဝင်ရေးထိုးထားသည်။မြစေတီရင်ပြင်ပေါ်၌ ရှိသော ကျောက်စာတိုင်မှာမူကား
မတ်ရပ်လေးထောင့် ကျောက်တိုင် ဖြစ်ငြားသော်လည်း၊ ကျောက်စာမျက်နှာပြင် ၂ ဖက်သည် ပိုမိုကျယ်ပြန့်လျက်၊ ကျန် ၂ ဖက်မှာ ကျဉ်းသည်။ အကျယ်ဖက် ၂ ဖက်တွင် ၁ ပေ ၈ လက်မခန့် ရှိ၍အကျဉ်းဖက်၌ ၁ဝ လက်မခွဲမှ ၁၂ လက်မအထိသာ ရှိသည်။ အကျယ်မျက်နှာပြင်ဖက်၌ စာမျက်နှာပြင် ၄ ပေ ၄ လက်မခန့် ရှိ၍၊၁ ပေ ၇ ၁/၂ လက်မ ကျယ်ပြန့်လေသည်။ အကျယ်ဖက်တွင် ပါဠိနှင့်
မြန်မာစာများကို ရေးထိုး၍ အကျဉ်းဖက်တွင် မွန်နှင့်ပျူစာများကိုရေးထိုးထား၏။ ပါဠိစာမျက်နှာ၌ စာကြောင်းရေ ၄ဝ၊
မြန်မာစာမျက်နှာတွင် စာကြောင်းရေ ၃၄၊ မွန်စာမျက်နှာတွင်စာကြောင်းရေ ၄၆ နှင့် ပျူစာမျက်နှာတွင် စာကြောင်းရေ ၂၉ အသီးအသီး ရေးထိုးထားလေသည်။
          မြစေတီကျောက်စာကို ကျန်စစ်သားမင်း၏ သားတော် ရာဇကုမာရ်အမည်ရှိသော မင်းသားက သက္ကရာဇ် ၄၇၄ ခုနှစ်တွင်သော်လည်းကောင်း၊ နောက်တစ်နှစ်ဖြစ်သော ၄၇၅ ခုနှစ်၌သော် လည်းကောင်း ရေးထိုးသည်ဟု ယူဆကြလေသည်။
ကျန်စစ်သားသည် အနော်ရထာမင်း၏ အမျက်တော်ကြောင့်ကြောင်ဖြူအရပ်၌ ပုန်းရှောင်နေစဉ် မထီးတူမ သမ္ဘူလနှင့်တွေ့၍ မယားအဖြစ်သိမ်းယူလေ၏။ အနော်ရထာမင်းကွယ်လွန်၍ စောလူးမင်းနန်းတက်သောအခါ ကျန်စစ်သားသည် ရာဇကုမာရ်ကို ပဋိသန္ဓေတည်နေသော သမ္ဘူလအား သားယောက်ျားမွေးသော် ပုဂံပြည်သို့ လာခဲ့ဟု မှာ၍ စောလူးမင်းထံ ခစားလေသည်။ စောလူးမင်း
ကွယ်လွန်တော်မူသောအခါ သက္ကရာဇ် ၄၄၆ ခုနှစ်တွင် ကျန်စစ်သားသည် ဂြီတြိဘုဝနာဒိတျဓမ္မရာဇ်ဘွဲ့နှင့် နန်းတက်တော်မူသည်။ ၂ နှစ်ကြာလတ်သော် သမ္ဘူလသည် နန်းတော်သို့ ရာဇကုမာရ်နှင့် ရောက်လာ၏။ မင်းကြီးလည်း သမ္ဘူလအား ဦးဆောက်ပန်းဟူသော တြိလောကဝဋံသကာ ဒေဝီအမည်နှင့် မိဖုရားမြှောက်လေသည်။ မြေးတော် အလောင်းစည်သူကို ဘိသိက်သွန်းပြီးဖြစ်သဖြင့်
ရာဇကုမာရ်အား ဇေယခေတ္တရာဘွဲ့နှင်း၍ ဓညဝတီ တောင်စဉ်ခုနစ်ခရိုင်ကို စားစေ၏။ ရာဇကုမာရ်မင်း သားသည် ၄၇၄ ခုနှစ်တွင် ခမည်းတော် နာမကျန်းဖြစ်၍ သေအံ့မူးမူး၌ ခမည်းတော်အတွက် ရည်စူးလျက် ရွှေဆင်းတုဘုရားကို ဌပနာ၍ ရွှေအထွတ်ရှိသော ကူဘုရား (ဂူပြောက်ကြီး) ကိုတည်ပြီးလျှင်ထိုကူဘုရားအား စောင့်ရှောက်ပူဇော်စိမ့်သောငှာ မိမိ၏ အမွေအနှစ် ဖြစ်သော ကျွန်သုံးရွာကိုလည်း လှူလေသည်။ ထိုနောက် အမိအဖတို့၏ ရှေးဖြစ် ရှေးဟောင်းတို့ကို ပြန်ပြောင်းအောက်မေ့ကာ မှတ်တမ်း ရေး၍ ကျောက်စာတိုင် စိုက်ခဲ့လေသည်။ မြစေတီကျောက်စာတိုင်၌ အက္ခရာများ၏ ပုံမှာ အဝိုင်းမဟုတ်ဘဲ မန်ကျည်းစေ့ပုံ ဖြစ်လေသည်။
            မြစေတီကျောက်စာပါ စကားပြေသည် ရှေးအကျဆုံးဖြစ်သော စကားပြေတရပ်ဟု ဆိုသင့်ပေသည်။ သတ်ပုံသတ်ညွှန်း စကားအသုံးအနှုန်းတို့မှာ အချို့သောနေရာတွင် ယခုကာလနှင့်မတူဘဲ ကွာခြား၏။ သို့ရာတွင် ယခုကာလအသုံးနှုန်းသည်
အများအားဖြင့် ရှေးရေးအသုံးအနှုန်းမှ ဆင်းသက်လာသည်ကို သတိမူရာသည်။ ဝါကျများကို တိုတိုနှင့်အဓိပ္ပာယ်ပေါ်ရုံ ရေးထား၍ ထိရောက်၏။ သတ်ပုံသတ်ညွှန်း တို့မှာ မြန်မာစာ အရေးအသား အစပျိုးချိန်ဖြစ်၍ ယခုခေတ်ကဲ့သို့ အသားမကျသေးချေ။ပျူ၊ မွန်နှင့် ပါဠိဘာသာများဖြင့်ရေးထိုးသည်ကို ထောက်သော် ထိုခေတ်က မြန်မာလူမျိုး သာမက ပျူလူမျိုး၊ မွန်လူမျိုးတို့ ထွန်းကားလျက် ရှိပြီးဖြစ်
ကြောင်း၊ မြတ်စွာဘုရား၏ မုခပါဌ်တော်ဖြစ်သော ပါဠိဘာသာ အရှိန်အခါ ရပြီးဖြစ်ကြောင်းကို သိသာ
နိုင်ပေသည်။ တဖန် သမိုင်းဆိုင်ရာ အထောက်အထားအဖြစ် အသုံးဝင်အဖိုးတန်ပုံမှာ လည်း မြစေတီ
ကျောက်စာတွင် တြိဘုဝနာဒိတျဓမ္မရာဇာခေါ် ကျန်စစ်သား မင်းသည် သာသနာနှစ် ၁၆၂၈ တွင် နန်းတက်သည်ဟု ဆို၏။ မြစေတီကျောက်စာသည် မူလရှေးဦးခေတ်ကမျက်မှောက် ရေးထိုးခဲ့သော ကျောက်စာဖြစ်ခြင်းကြောင့် မှန်ကန်သော အကိုး
အကား အဖြစ်ယူနိုင်ကာ ကျန်စစ်သားမင်း၏ နန်းတက်သက္ကရာဇ်၊ နန်းစံသက္ကရာဇ်နှင့် နတ်ရွာစံသော သက္ကရာဇ်များကို အတိအကျ ထုတ်ဖော်နိုင်လေသည်။
         ထိုကျောက်စာပါ သက္ကရာဇ်မှာဇာတာတော်ပုံပါ ရာဇဝင်သက္ကရာဇ်နှင့်လည်း တူညီတိုက်ဆိုင်သည်။ ထိုမှတစ်ဆင့် အနော်ရထာ၊ စောလူးနှင့် အလောင်းစည်သမင်းတို့၏ နန်းစံ သက္ကရာဇ်တို့ကိုပါ တွက်ချက်ထုတ်ယူနိုင်ပေသည်။ ထိုပြင် ထိုမြစေတီ ကျောက်စာကို ပျူစာ၊ မွန်စာတို့ဖြင့် ရေးထိုးထားသည်ကိုတွေ့ရသောကြောင့်လည်း မြန်မာစာနှင့် ယှဉ်ကာ၊ အဓိပ္ပါယ်ဖွင့်နိုင်ကြ၍အထူးသဖြင့် ပျူစာကိုလေ့လာရာ၌ သဲလွန်စရနိုင်သဖြင့် နှောင်းပညာရှိတို့အတွက် အဖိုးထိုက်တန်လှသော ကျောက်စာ ဖြစ်ပေသည်။ ထိုအပြင် ရာဇကုမာရ်သည် ထီးနန်းစည်းစိမ်ကို မဆက်ခံရသော်လည် အမိအဖိ၏ ဂုဏ်ကျေးဇူးကို မည်မျှ သိတတ်ရိုသေ ကိုင်းရှိုင်းတတ်သော သားကောင်းရတနာ ဖြစ်ကြောင်း ဤမြစေတီကျောက်စာကို ဖတ်ရှုခြင်းဖြင့် သိသာနိုင်ပေသည်။

Crd - Tun Aung Kyaw
*******************************************
အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အဘူဒါဘီမြို့တွင် ၂၀၁၅-ခုနှစ်၊ အောက်တိုဘာလ( ၄ ) ရက်မှ အောက်တိုဘာလ ( ၆ ) ရက်နေ့အထိ ကျင်းပသော ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အစီအစဉ်၊ အပြည်ပြည်ဆိုင်ရာ အကြံပေး ကော်မတီ၏ (၁၂) ကြိမ်မြောက် အစည်းအဝေးတွင် ၂၀၁၅-ခုနှစ်အတွက် ကမ္ဘာ့မှတ်တမ်း အမွေအနှစ် လျှောက်ထားမှုပေါင်း (၈၈) ခု အနက်မှ မြန်မာနိုင်ငံ မှ တင်သွင်းသော မြစေတီ ကျောက်စာ (ရာဇကုမာရ် ကျောက်စာ) ကို ယူနက်စကို ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် စာရင်းတွင် ထည့်သွင်း သတ်မှတ် အတည်ပြုခဲ့ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ  သတင်း ထုတ်ပြန်သည်။

ယခုအခါ Memory of the World အစီအစဉ်မှ ပေးအပ်သော ယူနက်စကို ညွှန်ကြားရေးမှူးချုပ်မှ လက်မှတ် ရေးထိုးထားသည့် ပုဂံမြို့ရှိ မြစေတီ ကျောက်စာ (ရာဇကုမာရ်ကျောက်စာ) (Myazedi Quadrilingual stone inscription) ကို Memory of the World စာရင်းသို့ ထည့်သွင်းခဲ့ကြောင်း ယူနက်စကို ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဆက်သွယ်ရေးနှင့် သတင်းဌာနမှ မြန်မာနိုင်ငံ ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ထံသို့ အသိအမှတ် ပြုလွှာကို ပေးပို့ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ယူနက်စကို၏ ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အစီအစဉ်ကို ၁၉၉၂ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ယခုအချိန်အထိ ကမ္ဘာတစ်ဝန်းမှ မှတ်တမ်း အမွေ အနှစ်ပေါင်း (၃၄၈) ခုကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အဖြစ် သတ်မှတ် ခဲ့ပြီး ဖြစ်ပါသည်။

ဘာသာလေးမျိုးဖြင့် ရေးထိုးထားသော မြစေတီ ကျောက်စာ (ရာဇကုမာရ် ကျောက်စာ) အား၂၀၁၄-ခုနှစ်၊ မတ်လ (၂၈) ရက်နေ့ တွင် ကမ္ဘာ့ မှတ်တမ်း အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရေး အတွက် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနက အဆိုပြု ပုံစံများ ရေးသား၍ ယူနက်စကိုသို့ တင်သွင်း ခဲ့ပါသည်။
****************************************
#LuGyi
Credit;Uploader

မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕💕













No comments:

Post a Comment