Monday, November 20, 2017

#မြန်​မာလများအ​ကြောင်း










မြန်မာလ(၁၂)လ နှင့် ပတ်သက်၍

★ လအလိုက် ထူးခြားချက် နေ့ထူးနေ့မြတ်များ ★
=============================
(၁) တန်ခူးလ နှစ်သစ်မင်္ဂလာ အခါတော်နေ့။

 အတာကူးသည့် လ / နှစ်ဟောင်း အညစ်အကြေး များကို ရေနှင့်ဆေးသည့် လ။

:
(၂) ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့။

 ၁။ဘုရားလောင်း ဆုပန်ခဲ့သောနေ့
၂။ဘုရားလောင်း ဖွားမြင်ခဲ့သောနေ့
၃။ ဘုရားဖြစ်တော်မူ သောနေ့
၎။ပရိနိဗ္ဗာန်စံတော်မူ သောနေ့။

:
(၃) နယုန်လပြည့် မဟာသမယ အခါတော်နေ့။



 မဟာသမယ ဆိုသည်မှာ များစွာသောနတ်၊ ဗြဟ္မာအပေါင်း တို့စည်းဝေးသည့် အစည်းအဝေးကြီးဖြစ်ပါသည်။ စည်းဝေး ရသည့်အကြောင်းမှာ ကပိလဝတ်ပြည် လယ်သမားများနှင့် ကောလိယ လယ်သမားတို့ ရောဟဏီမြစ်မှ ရေကိုယူဆောင်ခြင်းနှင့်  ပတ်သက်၍ အငြင်းပွားနေခြင်း ကိစ္စဖြစ်ပါသည်။

:
(၄) က။ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့။

 မြတ်စွာဘုရားသည် မဟာသက္ကရာဇ်(၁ဝ၃)ခုနှစ် ဝါဆိုလပြည့် နေဝင်လုဆဲဆဲအချိန်တွင်  “ဓမ္မစက္ကပဝတ္ထန”  သုတ္တန် ကို ဟောကြားတော်မူပါသည်။ ရှောင်ကြဉ်ရမည့် အယုတ်တရားနှစ်ပါး၊ စွန်းတရားနှစ်ပါး၊ လိုက်နာအပ်သည့် မဂ္ဂင်ရှစ်ပါး၊ မဇ္ဈိမပဋိပတ် သစ္စာတရားလေးပါး တို့ကို အကျဉ်းချုပ် ဟောတော်မူပါသည်။

   ခ။ဝါဆိုလပြည့်ကျော်(၅)ရက် အနတ္တလက္ခဏာ အခါတော်နေ့ (ရဟန္တာ အခါတော်နေ့)
 မြတ်စွာဘုရားသည် ဗာရာဏသီပြည် မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးပါးတို့အား ဝါဆိုလပြည့်ကျော်(၅)ရက်နေ့ တွင်အနတ္တလက္ခဏာ သုတ်ကို ဟောကြားတော်မူခဲ့သောကြောင့် အနတ္တလက္ခဏာ အခါတော်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။ ပဉ္စဝဂ္ဂီငါးဦးတို့ သည် အနတ္တလက္ခဏာ သုတ်ကို ကြားနာရသဖြင့် အာသဝေါမည်သော ကိလေသာကုန်ခန်းပြီး ရဟန္တာများ ဖြစ်သွားကြသည်၊  ထို့ကြောင့် ရဟန္တာအခါတော်နေ့ ဟူ၍လည်း သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပါသည်။

:
(၅) ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့။

 မေတ္တာသုတ် ဟောတော်မူခြင်းကို အကြောင်းပြု၍ မေတ္တာအခါတော်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။

:
(၆) တော်သလင်းလပြည့် ဂရုဓမ္မ အခါတော်နေ့။

 ဂရုဓမ္မ ဆိုသည်မှာ သူတော်ကောင်းများ ခါးဝတ်ပုဆိုးပမာ အမြဲတမ်းစောင့်သုံးနေကြသည့် ငါးပါးသီလ၏ နာမည်တစ်မျိုးပင် ဖြစ်ပါသည်။ သူတော်ကောင်းတွေ အလေးဂရုထား၍ ကျင့်သုံးအပ်သည့် တရားဖြစ်၍ ဂရုဓမ္မဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။

:
(၇) က။သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့။

 ဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှာ မယ်တော်ဖြစ်ခဲ့သူသော သန္တုသိတနတ်သား အမှူးပြုသည့် စကြာဝဠာတိုက် တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်း အား ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူပြီး၍ သီတင်းကျွတ် လပြည့်နေ့မှာ လူ့ပြည်သို့ကြွချီတော်မူသောနေ့ ဖြစ်၍ အဘိဓမ္မာ အခါတော်နေ့ဟု သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။






   ခ။သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့
 သာသနာ့ဝန်ထမ်း ရဟန်းတော်များသည် ဝါဆိုလပြည့်ကျော်(၁) ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ အထိ(၃)လပတ်လုံး၊ မိမိတို့သီတင်းသုံးရာ ကျောင်းတိုက်များ၌ ဝါဆိုဝါကပ်တော်မူကြ၍ သီတင်းကျွတ်လပြည့်နေ့မှာ သီတင်းသုံးဖော်အချင်းချင်း တစ်ပါးနှင့် တစ်ပါးအပြစ်များကို မြင်သဖြင့်လည်းကောင်း၊ ကြားသဖြင့်လည်းကောင်း ထုတ်ဖော်ပြောကြားတော်မူပါ၍ ဖိတ်မန္တကပြုရပါသည်။ ၎င်းကို ပဝါရဏာပြုသည် ဟုခေါ်သည်။ ထို့ကြောင့် သီတင်းကျွတ် လပြည့်နေ့ကို ပဝါရဏာနေ့ ဟုလည်းခေါ်ပါသည်။

-
(၈) တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့။

 မြတ်စွာဘုရားသည် တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ်တော်ကို ဟောကြားတော်မူခဲ့သောကြောင့် သာမညဖလ အခါတော်နေ့ဟု ခေါ်ဆိုသတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။ သာမညဖလသုတ်တော်တွင် ဘုရားပွင့်တော်မမူမီ အချိန်က ဘုရားလုပ် နေကြသည့် တိတ္ထိဆရာကြီး ခြောက်ဦးတို့၏ အယူဝါဒကို ဖော်ပြထားပါသည်။

-
(၉) နတ်တော်လ ဓမ္မစာဆို အခါတော်နေ့။

 ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ် နှင့် ဗြိတိသျှခေတ်မှ မျက်မှောက်ခေတ်အထိ ဓမ္မစာဆိုများ အထင်အရှားပင် ပေါ်ပေါက်ခဲ့ပါသည်။ ထိုဓမ္မစာဆိုတော် အသီးသီး၏ အဆိုအမိန့်များသည် ပြည်သူပြည်သား လူအများတို့အား ဓမ္မစွမ်းအားကို ဖြည့်တင်းပေးနိုင်သည့် မီးရှူးတန်ဆောင်၊ ဓမ္မရောင်ဖြင့် မှန်ကန်သော အသိအမြင်ကို ပေးနိုင်ကြပါသည်။ နတ်တော်လပြည့် စာဆိုတော်နေ့မှာ ၎င်းတို့၏ ကျေးဇူးတော်ဟုန် အမျိုးဂုဏ်ကို အောက်မေ့သတိရ ထိုက်ပါသည်။

-
(၁ဝ) ပြာသိုလပြည့် ရှင်တစ်ထောင် အခါတော်နေ့။

 ဘုရားရှင်လက်ထက်တော်က ရသေ့ညီနောင် ရှင်တစ်ထောင်တို့သည် ပြာသိုလပြည့်နေ့မှာ မိမိတို့၏ အယူဝါဒကို ပယ်စွန့်ပြီး ဗုဒ္ဓသာသနာတော်သို့ ကူးပြောင်းရောက်ရှိခြင်းကို အကြောင်းပြုပြီး ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ အစ်ကိုကြီး ဥတုဝေလကဿပ ခေါင်းဆောင်သော ရသေ့(၅ဝဝ)၊ အစ်ကိုလတ် နဒီကဿပ ခေါင်းဆောင်သော ရသေ့(၃ဝဝ)၊ ညီငယ် ဂဟာကဿပ ခေါင်းဆောင်သော ရသေ့(၂ဝဝ)၊ တို့ကို အာဒိတ္တပရိယသုတ္တန် ဒေသနာကို ဟောကြားတော်မူရာ ရဟန်းအားလုံး အာသဝေါကုန်ခမ်းပြီး ရဟန္တာ  အဖြစ်သို့ ရောက်တော်မူကြပါသည်။

-
(၁၁) တပို့တွဲလပြည့်နေ့ သြဝါဒ ပါတိမောက် အခါတော်နေ့။

 အပါယ်ဘေးမှ ကင်းဝေးစေသော အဆုံးအမကို သြဝါဒ ဟုခေါ်ပြီး၊ ထိုသြဝါဒ မိန့်တော်မူခြင်းကို သြဝါဒပါတိမောက်ပြသည် ဟု ခေါ်ပါသည်။ သြဝါဒပါတိမောက် နှင့် အာဏာပါတိမောက် ဟူ၍နှစ်မျိုးရှိရာ၊ သြဝါဒပါတိမောက်ကို မြတ်စွာဘုရားကသာ ပြတော်မူ သည်။ တပည့်သံဃာများ ပြခွင့်မရှိပါ။ တပည့်သံဃာများသည် အာဏာပါတိမောက်ကိုသာ ပြသခွင့်ရှိပါသည်။

တပို့တွဲလပြည့်နေ့၏ ထူးခြားချက်များမှာ-
(၁)အရှင် သာရိပုတ္တရာ ရဟန္တာဖြစ်သောနေ့ဖြစ်ခြင်း၊
(၂) အရှင် သာရိပုတ္တရာ နှင့် အရှင်မောဂ္ဂလန်တို့ ဧတဒဂ် ရသောနေ့ဖြစ်ခြင်း၊
(၃) အင်္ဂါလေးရပ်နှင့် ပြည့်စုံသော ရဟန်းပရိသတ်တို့ အလိုအလျောက် စုဝေးမိသောနေ့ဖြစ်ခြင်း၊
(၄) ဘုရားရှင် တိုင်း သြဝါဒပါတိမောက် ပြတော်မူသောနေ့ ဖြစ်ခြင်းတို့ဖြစ်၏။

-
(၁၂) တပေါင်းလပြည့် ပြည်တော်ဝင် အခါတော်နေ့။

 တပေါင်းလပြည့်နေ့ တွင်ကာဠုဒါယီ မထေရ် က ကပိလဝတ် နေပြည်တော်သို့ ကြွရောက်တော်မူပါရန် ဘုရားရှင်အားလျှောက်ထားသည်ကို အကြောင်းပြုပြီး ကျင်းပရခြင်းဖြစ်ပါသည်။ ၎င်းလျှောက်ထားချက်အရ မြတ်စွာဘုရားက ရဟန္တာပေါင်းနှစ်သောင်း ခြံရံပြီး မဟာသက္ကရာဇ်(၁ဝ၃)ခုနှစ် တပေါင်းလပြည့်ကျော် တစ်ရက်နေ့မှာ ရာဇဂြိုဟ်မှ ယူဇနာခြောက်ဆယ် ဝေးကွာသော ကပိလဝတ်ပြည်သို့ တစ်နေ့လျှင် တစ်ယူဇနာ ခရီးဖြင့်ရက်ပေါင်းခြောက်ဆယ် ဒေသစာရီကြွချီတော်မူခြင်း ကို အကြောင်းပြု၍ မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့ စတင်ပေါ်ပေါက်လာရခြင်း ဖြစ်ပါသည်။

 ကျမ်းကိုး။   ။အရှင်ဇဝန(ပဲခူး)၏ အခါတော်နေ့ဆိုင်ရာ တရားတော်များစာအုပ်။
-

ဗိုလ်ကြီးလှရွှေ(ငြိမ်း) ၏ တက်လမ်း(၂) PSC အထွေထွေဗဟုသုတ မှတ်စု၊ ပထမအကြိမ်၊ ၂ဝဝ၈-ဧပြီလ။

Credit to original uploader.
Credit- UTNEC ပဒတ္ထိုင်း

မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕💕


No comments:

Post a Comment