Sunday, December 17, 2017

မျက်မှောက်ခေတ် ခေါင်းဆောင်များတွင် ရှိရမည့် အချက်များ

မျက်မှောက်ခေတ် ခေါင်းဆောင်များတွင် ရှိရမည့် အချက်များ
*********************************************

မျက်မှောက်ခေတ်တွင် လူမှုအဖွဲ့အစည်း၊ နိုင်ငံများ၏ ကောင်းခြင်း၊ ဆိုးခြင်းများကို တာဝန်ယူ၊ တာဝန်ခံရသော ခေါင်းဆောင်များသည် ရှေးခေတ်က ခေါင်းဆောင်များထက် နှစ်ဆတိုး စိန်ခေါ်မှုများ၊ အကျပ်အတည်းအခက်အခဲများနှင့် စိတ်ဖိစီးမှုများ ပို၍ များပြားလာနေသည်ကို သတိပြုကြရမည် ဖြစ်သည်။

ခေတ်နှင့်အညီ ခေါင်းဆောင်တစ်ဦးတွင် ရှိသင့် ရှိထိုက်သော အရည်အချင်းများ ပြည့်ဝနေပါက စိန်ခေါ်မှု အခက်အခဲအကျပ်အတည်းများသည် အလျင်အမြန် ပြေပျောက်ဖြေရှင်းနိုင်မည် ဖြစ်၍ အနာဂတ်မျှော်မှန်းချက် အောင်မြင်မှုဆီသို့ ဦးတည်နိုင်မည် ဖြစ်သည်။

ခေါင်းဆောင်တစ်ဦးတွင် ရှိသင့်ရှိထိုက်သော အရည်အသွေး မပြည့်ဝခဲ့ပါမူ ယခင်မရှိခဲ့သော ပြဿနာ စိန်ခေါ်မှုအသစ်အသစ်များပေါ်လာတတ်သည်။ ယခင်ရှိနှင့်ပြီးသော သေးငယ်သော ပြဿနာများသည် ပို၍ ကြီးထွားလာတတ်၍ ကြီးမားသော ပြဿနာများသည်ကား ပေါက်ကွဲမှု အဆင့်သို့ ရောက်သွားတတ်သည်။
နောက်ဆုံးတွင် ထိုထိုပြဿနာ စိန်ခေါ်မှုအကျပ်အတည်းများအောက်တွင် ပိတ်မိ၍ ကျရှုံးသော ခေါင်းဆောင်တစ်ဦး အဖြစ်သို့ ဆိုက်ရောက်သွားတတ်သည်။

ထိုသို့ မဖြစ်စေရန် ခေါင်းဆောင်တစ်ဦးတွင် လေ့လာတတ်ကျွမ်းထားရမည့် အချက်များစွာ ရှိနေ၏။ ထိုထဲမှ မျက်မှောက်ခေတ် ခေါင်းဆောင်မှုကို ပို၍ ပီပြင်စေသော အချက်များကို လေ့လာကြမည် ဖြစ်သည်.....
...................

၁။ စုပေါင်းလုပ်ဆောင်မှု ကောင်းခြင်း (Teamwork)

21st ရာစု မျက်မှောက်ခေတ်သည် တစ်ဦးကောင်းလုပ်တတ်ခြင်းထက်၊ တစ်ဦးချင်းစီ၏ အားသာချက်များကို စုပေါင်းလျက် Teamwork or Group work လုပ်တတ်ခြင်းကို လူအများက ပို၍ အသိအမှတ်ပြုကြသော ခေတ်။ အောင်မြင်မှုရသော ခေတ် ဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်တစ်ဦးသည် အများနှင့် စုပေါင်း၍ လုပ်တတ်သော အားသာချက် ရှိရမည် ဖြစ်သည်။
…………………….

၂။ ဆုံးဖြတ်ချက်ချရာတွင် ကျွမ်းကျင်ခြင်း (Decision)

လူနှစ်ဦး ထမင်းပေါင်း စား-မစားကို ဆုံးဖြတ်ချက် ပေးခြင်းသည် အရေးမပါလှသော်လည်း၊ လူတစ်ဦးကို အိမ်ထောင်ဖက်အဖြစ် ရွေး-မရွေးကို ဆုံးဖြတ်ချက် ချမှတ်ခြင်းသည် ဘ၀တသက်လုံးနှင့် ဆိုင်နေသဖြင့် အလွန်အရေးပါလှ၏။
ထို့အတူ
ခေါင်းဆောင်တစ်ဦး၏ ဆုံးဖြတ်ချက် တစ်ခုသည် ဆိုင်ရာ အဖွဲ့အစည်း၊ နိုင်ငံ၏ အလှည့်အပြောင်း အကောင်း၊အဆိုးများကို အဖြေပေးနိုင်စွမ်းရှိသဖြင့် ဆုံးဖြတ်ချက်ချ မှန်ကန်ခြင်းသည် ခေါင်းဆောင်တစ်ဦအတွက် အလွန်အရေးပါသော အချက်တစ်ခု ဖြစ်သည်။
………………………

၃။ မဟာဗျူဟာအမြင် အားကောင်းခြင်း (Strategy)

အောင်မြင်မှုပန်းတိုင်သို့သွားရန် နည်းလမ်းများကို ရှာဖွေရာတွင် နောက်လိုက်များက နည်းလမ်း ၂-ခု၊ ၃-ခုသာ ရှာတွေ့ချိန်တွင်၊ ခေါင်းဆောင်များက ၉-ခု၊ ၁၀-ခုလောက် နည်းလမ်းများကို မြင်နိုင်စွမ်းအား ရှိရမည် ဖြစ်သည်။ ထိုသို့ အောင်မြင်မှုပန်းတိုင်သို့ သွားနိုင်သည့် နည်းလမ်းများစွာ ရှာတွေ့ထားသည်ထဲမှ အကောင်းဆုံး အထိရောက်ဆုံး နည်းလမ်းမဟာဗျူဟာကို ရွေးချယ်၍ အောင်မြင်မှုကို ရယူနိုင်ခြင်း စွမ်းရည်သည် ခေါင်းဆောင်များတွင် ရှိထားရမည့် အဓိက အချက်တစ်ခုပင် ဖြစ်သည်။
…………………………….

၎။ ထောက်ပံ့အားပေးတတ်ခြင်း (Support)

ခေါင်းဆောင်ကောင်းဟူသည် ကိုယ့်ထက်ညံ့သော နောက်လိုက်များကို မွေးထုပ်ပေးတတ်သူမဟုတ်။ ကိုယ့်ထက်သာသော လူငယ်ခေါင်းဆောင်များကို မွေးထုပ်ပေးတတ်သူ၊ အားပေးထောက်ပံ့ပေးတတ်သူသာ ဖြစ်သည်။ ကိုယ်ကောင်းစားရေးထက် အများကောင်းစားရေးအတွက် လုပ်ပေးရတာကို ကျေနပ်တတ်သူ။ အခက်ခဲ လေမုန်တိုင်းထန်ချိန်တွင် ရှေ့က မားမားမတ်မတ်ရပ်တည်ပေး၍၊ အဆင်ပြေ တည်ငြိမ်နေချိန် နောက်ကနေ ပံ့ပိုးအားပေးနေတတ်သူ။ ဤအချက်များသည်လည်း ခေါင်းဆောင်တစ်ဦးတွင် ရှိရမည့် အရေးကြီးသော ချက်တစ်ခု ဖြစ်သည်။
…………………………..

၅။ ခေါင်းဆောင်တစ်ဦး၏ ကျင့်ဝတ် (Ethic)

ခေါင်းဆောင်တစ်ဦးသည် မိမိကိုယ်ကို လေးစားတန်ဖိုးထားနိုင်ဖို့နှင့် အများက ယုံကြည်မှုတိုးလာဖို့ ခေါင်းဆောင်တစ်ဦး၏ ဆောင်ရန်၊ ရှောင်ရန် ကျင့်ဝတ်များကို လိုက်နာရမည် ဖြစ်သည်။ ခေါင်းဆောင်တစ်ဦးသည် နိုင်ငံရေး၊ စီးပွါးရေး၊ ဘာသာရေး၊ နိုင်ငံတကာရေး စသော ကဏ္ဍများစွာတို့ဖြင့် ဆက်နွယ်၍ ဦးဆောင်မှု ပေးရသူ ဖြစ်ရာ၊ ထိုဌာနများ၏ ကဏ္ဍအလိုက် ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေများကို နားလည် ဆောင်ရွက်တတ်ရမည် ဖြစ်သည်။
……………………

၆။ အနာဂတ်အမြင် အားကောင်းရမည် (Vision)

ခေါင်းဆောင်တစ်ဦးသည် အတိတ်နှင့် ပစ္စုပ္ပန်တို့၏ အချက်အလက်များကို အနုလုံ၊ ပဋိလုံ ကြေညက်၍ အနာဂတ်ကာလတွင် ဖြစ်လာနိုင်ခြေများကို တွက်ချက်နိုင်ရမည်။ လှမ်းမြင်တတ်ရမည် ဖြစ်သည်။ ထိုအမြင်များဖြင့်ပင် ရေတို၊ ရေရှည် စီမံကိန်းများကို ရေးဆွဲရသည်။ တည်ဆောက်ရသည်။ ထို့ကြောင့် ခေါင်းဆောင်များတွင် အနာဂတ်အမြင်ကောင်းများ ရှိရမည် ဖြစ်သည်။
………………………

၇။ ကိုယ်ကျင့်စာရိတ္တမဏ္ဍိုင် ခိုင်မာရမည် (Integrity)

ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်ရေးတွင် ပညာတတ်ရုံ၊ ဘွဲ့ဒီဂရီ များရုံ၊ ရာထူး ကြီးရုံ၊ စည်းစိမ်ဥစ္စာ ကြွယ်ဝရုံ၊ နောက်လိုက်များကို ငွေအား၊ အာဏာအားနှင့် စည်းရုံးလို့ ရရုံမျှဖြင့် မလုံလောက်သေးပါ။ ကိုယ်ကျင့်စာရိတ္တမဏ္ဍိုင်လည်း ခိုင်မာနေဖို့ အရေးကြီးသည်။ 
လေးစား​လောက်​ဖွယ်​ရာ ပြုမူကျင့်​ကြံမှု၊အများအတွက်​ စွန့်​လွှတ်​​ပေးဆပ်​တတ်​မှုများ​ကြောင့်​ လူအများ အလိုလို ​နောက်​ကလိုက်​ချင်​စိတ်​ ရှိ​နေရမည်​။ လိုလိုလားလား လိုက်​လုပ်​ချင်​စိတ်​ ဖြစ်​​နေရမည်​။
အောက် နင်း အထက် ဖား၊ အားနည်းသူ နားမလည်သူတို့၏ ဦးခေါင်းအပေါ် ဘဝအ​ပေါ် တက်နင်း၍ မိမိဘဝ တည်​​ဆောက်​ခြင်း။ အကျင့်ပျက် ခြစားခြင်းများသည် ခေါင်းဆောင်ကောင်းများ၏ ဂုဏ်​အင်္ဂါ လက္ခဏာ လုပ်ရပ်များ မဟုတ်။ သူခိုးဓါးမြများ၏ စိတ်ဓါတ် လုပ်ရပ်များသာ ဖြစ်သည်။ ထို့ကြောင့် အကျင့်စာရိတ္တကောင်းမွန်ဖို့ အရေးကြီးပါသည်။

၈။ အများအကျိုး ရွက်သယ်ပိုးလိုစိတ် ရှိခြင်း (Contribution)

စစ်မှန်သော ခေါင်းဆောင်တစ်ဦး ဟုတ်-မဟုတ်ကို အပြုအမူ၊ စိတ်နေစိတ်ထား၊ စွမ်းဆောင်ရည်များကို ကြည့်၍ အများက သုံးသပ် ဆုံးဖြတ် ပေးကြတာ ဖြစ်တယ်။

အများကောင်းကျိုးကို လိုလိုလားလား ရွက်သယ်ပိုလိုစိတ် မရှိပဲ ခေါင်းဆောင်ကောင်းတစ်ဦး မဖြစ်လာနိုင်။ လူပြိန်းကြိုက် အပေါစားဆန်ဆန် စကားလုံးများဖြင့် ခေါင်းဆောင်နေရာသို့ တစ်ချို့ ရောက်လာတတ်ကြသော်လည်း ရေရှည် ခေါင်းဆောင်နေရာတွင် ရပ်​တည်​နိုင်​မည်​ မဟုတ်​။

အသိပညာပြည့်ဝခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ စွမ်းဆောင်ရည်ကောင်းခြင်း- အချက်များအပေါ်တွင် အခြေခံ၍ အများကောင်းကျိုး ရွက်သယ်ပိုးလိုစိတ် လိုလိုလားလားရှိနေခြင်းသည် ခေါင်းဆောင်တစ်ဦးကို အလျင်အမြန် ကြီးထွားစေ၊ အောင်မြင်စေသည်။

အများအကျိုးကို စွမ်းစွမ်းတမံ ရွက်သယ်ပိုးတတ်သူများကိုသာ၊ လူအများက သူတို့၏ ခေါင်းဆောင်အဖြစ် ရွေးချယ်တတ်ကြသည်မှာ ခေါင်းဆောင်နှင့် နောက်လိုက်များကြားတွင် ရှိသော နိယာမ သဘောတရားတစ်ခုသာ ဖြစ်သည်။
ထို့​ကြောင့်​ များအကျိုးရွက်​သယ်​ပိုးလိုစိတ်​ ရှိပါ​စေ။
……………………….

၉။ လူမှုဆက်ဆံရေး ကောင်းမွန်ခြင်း (Communication)

ခေါင်းဆောင်တစ်ဦးတွင် စံနမူနာ ယူလောက်သော ပြုမူကျင့်ကြံမှုများနှင့် စိတ်နေသဘောတရားများ ပြည့်ဝနေရုံတင်မကပဲ၊ ပြောဆိုဆက်ဆံရေးများသည်လည်း အဆင့်အတန်းမခွဲခြားပဲ ပြေပြစ်ချောမွေ့နေရမည်။ မှန်၏၊ ခေါင်းဆောင်တစ်ဦး၏ အသက်သည် လူမှုဆက်ဆံရေးပြေပြစ်နေခြင်း၊ ​လူအများက ယုံကြည်မှု အားကောင်းနေခြင်းနှင့်၊ စွမ်းဆောင်ရည် တက်နေခြင်းတို့အပေါ်တွင် တည်မှီနေတာ ဖြစ်တယ်။ ထို့ကြောင့် ခေါင်းဆောင်တစ်ဦးသည် လူတကာတိုင်းနှင့် ပြေပြစ်ချောမွေ့စွာ ဆက်ဆံနိုင်ရမည်​။ ဘာသာစကားများ ကျွမ်းကျင်နေရမည်။

လူတကာတိုင်းရဲ့ ထောက်ခံမှုကို ရယူလိုပါက
လူတကာတိုင်းနှင့် ဆက်ဆံရေး အဆင်ပြေနေအောင် ကြိုးစားပါ။
လူကြီးဖြစ်လာချိန်၊ ရာထူးတိုးလာချိန်မှာ မျက်နှာက တင်း၊ ဒေါသက ကြီး၊ စိတ်က တို၊ စသဖြင့် ဟိန်းဟောက် ကြိမ်းမောင်း တတ်သူများသည်
စိတ်နေသဘောထား မပြည့်ဝသေးသော၊ ခေါင်းဆောင်ကောင်း မဟုတ်သေးသော ကလေးကလားဆန်သူများသာ ဖြစ်သည်။

လူ့သဘာဝအရ တစ်ဦးနှင့် တစ်ဦး အဖုအထစ်များ၊ အက်ကွဲရာများပေါ်လာပါက မိတ်ဆွေက ရန်သူ မဖြစ်သွားမီ။ စုပေါင်းအားများ ပဲ့ထွက်မသွားမီ မိမိကအယင် စ,တင်၍ ခေါ်ပြောဆက်ဆံခြင်းဖြင့် ခေါင်းဆောင်ကောင်းတစ်ဦးရဲ့ သဘောထားကြီးမားမှုကို ပြသပါ။ အင်အားများကို စုစည်းပါ။ ထိုစုပေါင်းအင်အားများဖြင့်သာ သင့်ရဲ့ အများကောင်းကျိုးပြုလိုတဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။
…………………………………………..

၁၀။ အမြဲ စိတ်ဓါတ် တက်ကြွနေပါစေ (Motivation)

ခေါင်းဆောင်တစ်ဦးသည် မိမိကိုယ်တိုင်က အမြဲ စိတ်ဓါတ်တက်ကြွနေရမည်။ နောက်လိုက်များကိုလည်း အောင်မြင်မှုများကို ဆာလောင်၍ ကြိုးစားလာအောင် စိတ်ဓါတ်မြှင့်ပေးမှုများ အမြဲပြုလုပ်ပေးရမှာ ဖြစ်တယ်။ စစ်မှန်သော ခေါင်းဆောင်ဟူသည် ကြီးမားသော စိန်ခေါ်မှု အခက်အခဲ အကျပ်အတည်းများနှင့် ကြုံရချိန်သော်မှ စိတ်ဓါတ်ကျဟန်၊ အားငယ်စိတ်ပျက်ဟန်၊ ညီးတွားသံများကို နောက်လိုက်များရှေ့တွင် လုံးဝ ထုပ်ပြလေ့မရှိ။ ကျော်လွှားနိုင်မည့် စိတ်ဓါတ်တက်ကြွမှုကိုသာ ပြတတ်သည်။

လူသားတို့၏ စိတ်စွမ်းပကားသည်ကား အထူးဆန်းကျယ်လှ၏။ လုံးဝ မဖြစ်နိုင်ဟု ထင်ရသော အရာများကို ဖန်တီး တီထွင် အသုံးပြုနေကြပြီ။ ထိုအရာအားလုံးတွင် စိတ်ဓါတ်သာ ပဓာန၊ စိတ်က ကြီးမှူးထားခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် “စိတ်သည် လူကို၊ လောကကြီးကို ဦးဆောင်နိုင်စွမ်း ရှိသည်”…ဟု ဗုဒ္ဓမိန့်ကြားချက်တွင် လေ့လာဖူးပါသည်။
ဗုဒ္ဓဟောကြားချက်များတွင် ဥဋ္ဌာန သမ္ပဒါ- ခေါင်းဆောင်သည် ထကြွလုံးလ၀ီရိယ ရှိနေရမည်။
မြန်မာတို့၏ ခေါင်းဆောင်လက္ခဏာ ၆-ချက်တွင်လည်း “ထကြွ၊နိုးကြား၊ သနား၊ သီးခံ၊ ဝေဖန်၊ထောက်ရှု၊ ဤခြောက်ခု ခေါင်းဆောင် ကျင့်အပ်ရာ” ထကြွ သွက်လက် တက်ကြွမှု - Proactive ဖြစ်နေရမည်ဟု ရှေးဆုံးနေရာက ထဲ့ထားသည်ကို တွေ့ရသည်။ ထို့ကြောင့် ခေါင်းဆောင်ရော နောက်လိုက်များပါ အောင်မြင်မှုပန်းတိုင်အတွက် အမြဲသွက်လက်တက်ကြွမှု ရှိနေပါစေ။
…………………………………………….

၁၁။ သြဇာလွှမ်းမိုးမှု (Influence)

ခေါင်းဆောင်တစ်ဦးသည် နောက်လိုက်များအပေါ်တွင် သြဇာလွှမ်းမိုးမှု အားကောင်းနေရမည်။
ထိုသြဇာလွှမ်းမိုးမှုဟူသည် အာဏာကြောင့်၊ ရာထူးကြောင့်၊ ငွေကြေးကြောင့်၊ ဘွဲ့ဒီဂရီ-ပညာရေးကြောင့် သြဇာလွှမ်းမိုးခြင်း သက်သက်ကို ရည်ညွှန်းလိုခြင်း မဟုတ်။
စိတ်နေသဘောတရားများ ပြည့်ဝမှု၊ အသိဗဟုတကြွယ်ဝမှု၊ စွမ်းဆောင်ရည် မြင့်မားမှုများနှင့် အများအတွက် လိုလိုလားလား စွန့်လွှတ်ပေးဆပ် အနစ်နာခံမှုတို့ကြောင့် လူအများစိတ်ထဲတွင် စွဲထင်လာသော လေးစားယုံကြည်မှု၊ ချစ်ကြောက်ရိုသေမှု၊ သူ့နောက်က အလိုလိုတပည့်ခံလိုမှု၊ လမ်းညွှန်ချက်များကို လိုလိုလားလား လိုက်လုပ်ပေးလိုမှုများကို သြဇာလွှမ်းမိုးမှုဟု ဆိုလိုခြင်း ဖြစ်သည်။
ခေါင်းဆောင်များတွင် ဤအချက်ရှိနေဖို့ အရေးကြီးသည်။
………………………………………………….

၁၂။ တာဝန်ယူလိုစိတ် ရှိခြင်း (Responsibility)

စစ်မှန်သော ခေါင်းဆောင်၏ စိတ်ဓါတ်သည် လူများတကာရှေ့မှောက်တွင် နာမည်ကောင်းခံ၊ လူလုံးထွက်ပြရတာထက်၊ ရာထူး၊ အခွင့်အရေးယူရတာထက် တာဝန်ယူ၊ တာဝန်ခံရတာကို အလေးထားတတ်သူများ ဖြစ်သည်။

ကိုယ့်လုပ်တစ်ခု၏ အမှားကို ကိုယ်ခံရုံတင်မကပဲ၊ နောက်လိုက်များ၏ အမှားကိုလဲ ကိုယ်သာ တာဝန်ခံ၊ တာဝန်ယူတတ်သော စိတ်ဓါတ်ပိုင်ရှင် ဖြစ်သည်။
မုန့်(ရလာဒ်)ဝေငှ ချိန်များတွင် ကိုယ်ယူ၍၊ တုတ်(အပြစ်) ဝေငှချိန်များတွင် နောက်လိုက်တပည့်များကို လွှဲချတတ်ခြင်း။ ဘော်လီဘော ပုတ်တတ်ခြင်း။ နောက်ကွယ်ကနေ မနာလိုစိတ်ဖြင့် ကြိုးကိုင် ခြည်လှယ် သွေးထိုး ဖျက်ဆီးခြင်းများသည် ခေါင်းဆောင် စိတ်ဓါတ်မဟုတ်။ လူကြီးလူကောင်းတွင် ထားရှိရမည့် စိတ်ဓါတ်များ မဟုတ်။ အခွင့်ရေးသမား၊ အရှောင်သမားတို့တွင် ရှိတတ်သော စိတ်ဓါတ်၊ လုပ်ရပ်များသာ ဖြစ်သည်။
…………………………………………………

၁၃။ ရေတို၊ ရေရှည် စီမံကိန်းများ ရေးဆွဲထားခြင်း (Planing)

ခေါင်းဆောင်တစ်ဦးတွင် ရေတို-ရေရှည် စီမံကိန်းများ ရှိထားရမည်။ ထိုစီမံကိန်းများကို အဆင့်ဆင့်အကောင်ထည်ဖေါ်ယူမည့် နည်းလမ်း၊ စည်းကမ်း၊ မဟာဗျူဟာအမြင်၊ အနာဂတ်အမြင်များအပြင် အရည်အသွေးကောင်းသော လူငယ်ခေါင်းဆောင်ကောင်းများကိုလည်း စုဆောင် ၀န်းရံထားရမည်။ ပြုစုပျိုးထောင်ထားရမည် ဖြစ်သည်။
စာဖတ်အားကောင်းသော၊ ပညာရှင်များဆီမှ လေ့လာမှုအားကောင်းသော ခေါင်းဆောင်များသည် အတိတ်ကာလ၊ ပစ္စက္ခကာလများ၏ ဖြစ်ရပ်များကို ကွက်ကွက်ကွင်းကွင်း သိမြင်လာ၍ အနာဂတ်တွင် ဖြစ်လာနိုင်ခြေများကိုလည်း လှမ်းမြင်ကြည့်လို့ ရသည်။ ထိုအနာဂတ် အမြင်များဖြင့်သာ ရေတို-ရေရှည် စီမံကိန်းများကို ရေးဆွဲနိုင်မည် ဖြစ်သည်။
ထိုသို့ သိမြင်နိုင်ရန်၊ Plan ရေးဆွဲနိုင်ရန် ခေါင်းဆောင်တစ်ဦးသည် စာဖတ်အားကောင်းရမည်။ လေ့လာသင်ယူမှုများကို လုံးဝ မရပ်တန့်ပစ်ပဲ အမြဲလေ့လာသင်ယူမှု အားကောင်းနေရမည် ဖြစ်သည်။
………………………………………………………………………….

၁၄။ စီမံခန့်ခွဲမှု ကောင်းမွန်ခြင်း (Management)

အချိန်ကို စီမံခန့်ခွဲခြင်း။ ငွေကို စီမံခန့်ခွဲခြင်း။ လူကို စီမံခန့်ခွဲခြင်း၊ အာဏာကို စီမံခန့်ခွဲခြင်း။ သဘာဝအရင်းအမြစ်များကို စီမံခန့်ခွဲခြင်း စသော စီမံခန့်ခွဲခြင်းဆိုရာ အတတ်ပညာများသည် ခေါင်းဆောင်တစ်ဦးအတွက် မရှိမဖြစ်သော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

စီမံခန့်ခွဲမှုပညာသည် ရဟန်းဘောင်၊ လူ့ဘောင်နှင့် နိုင်ငံလုံးဆိုင်ရာ၊ ကမ္ဘာလုံးဆိုင်ရာ အစီအမံများတွင် အရေးပါသည်။ ထို့ပြင် လူတစ်ဦးတည်း အတွက်သော်မှ မတတ်မဖြစ် ကျွမ်းကျင်ထားရမည့် ပညာရပ်ဖြစ်သည်။

စီမံခန့်ခွဲမှုကို ကျွမ်းကျင်ထားပါက အချိန်အနည်းငယ်တွင် အလုပ်များစွာ ပြီးမြောက်အောင် SMART-ကျအောင် ဆောင်ရွက်လို့ ရတယ်။ လူတစ်ဦးတည်း လိုက်မမီလို့ နှစ်ကိုယ်ခွဲ။ သုံးကိုယ်ခွဲ… ခွဲလိုက်ချင်တယ်။ အချိန် မလုံလောက်ဘူး…ဆိုတဲ့ စကားတွေဟာ လျော့နည်း ပျောက်ကွယ်သွားမှာ ဖြစ်တယ်။

နိုင်ငံလုံးဆိုင်ရာ အစီအမံတွေ၊ ကမ္ဘာလုံးဆိုင်ရာ အစီအမံတွေကို ဦးဆောင်လုပ်နေရတဲ့ ခေါင်းဆောင်တွေဟာ စီမံခန့်ခွဲမှုပညာကို ကျွမ်းကျင်စွာဖြင့် လုပ်ဆောင်နိုင်ကြသူတွေ ဖြစ်တယ်။ သူတို့ရဲ့များပြားလှတဲ့ တာဝန်တွေ၊ အလုပ်တွေကို အရှိန်အဟုန်ကောင်းကောင်းဖြင့် လည်ပတ်နေကြတာ ဖြစ်တယ်။

စီမံခန့်ခွဲမှုပညာကို မကျွမ်းကျင်သော ခေါင်းဆောင်များ ဦးဆောင်သော လူမှုအဖွဲ့အစည်းများ၊ နိုင်ငံများသည် လုပ်ငန်းယန္တရားများ၊ တိုးတက်မှုများ နှေးကွေးနေမည်။ ရပ်တန့်နေမည်။ အားရဖွယ်ရာ တိုးတက်မှု ရလာဒ်များကို မတွေ့မြင်ရသဖြင့် အချင်းချင်း မပြေလည်မှုများ ရှိလာတတ်သည်။ နောက်ဆုံး အဖွဲ့အစည်းငယ်များ ပျောက်သွားတတ်ခြင်း အကျိုးဆက်များ ရှိတတ်သည်။

ထို့ကြောင့် ခေါင်းဆောင်များသည် စီမံခန့်ခွဲမှု ပညာရပ်ကို ကျွမ်းကျင်ထားရမည် ဖြစ်သည်။
....................
Crd:Original Uploader
မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕💕









Posted via Blogaway


No comments:

Post a Comment