Tuesday, May 2, 2017

ဟိုယခင်ခေတ်များက လူနေအိမ် ဆောက်လျှင်

ဟိုယခင်ခေတ်များက လူနေအိမ် ဆောက်လျှင် အိပ်ခန်း ဆိုသည်မှာ အိပ်စက် အနားယူရုံမျှသာ အသုံးဝင်သော နေရာဖြစ်သဖြင့် ခမ်းခမ်းနားနားကြီး မလိုအပ်ဘဲ လေဝင်လေထွက်ကောင်း၍ လုံခြုံလျှင် တော်လောက်ပြီဟု ဆိုကြသည်။ ကာလပေါ် တေးသီချင်းတစ်ပုဒ်မှာ ”သိက္ခာလည်း မကျအောင်၊ လိပ်ပြာလည်းလှအောင်၊ အိပ်ရာထဲကိုဝင်၊ နဖူးပေါ်လက်တင်၊ စိတ်ကူးကလေးတွေယဉ်”ဆိုသော အုံ့ပုန်းတို့သဘာဝ ဖော်ညွှန်းသီဆိုသံကို အငြိမ့်ပွဲများမှာ ကြားခဲ့ရဖူးသည်။ ယနေ့ ကာလဒစ်ဂျစ်တယ် ခေတ်တွင် လွန်ခဲ့သောအတွေးအမြင်တို့ ခေတ်နောက် ကျန်လေပြီ။
ယနေ့ခေတ်လူငယ်တို့ အိပ်ခန်းမီးပိတ် အိပ်ရာထဲဝင်ချိန်တွင် စမတ်ဖုန်း၊ တက်ဘလက် နှင့် လက်ပ်တော့ပ် ဖန်သားပြင်ပေါ် ပြေးလွှားနေသော အလင်းရောင်ကလေးများ တလက်လက်မြင်နေရသည်။ ထိုအလင်းရောင် ကလေးများကြောင့် အဝလွန်ရောဂါ၊ ဆီးချိုရောဂါ နှင့် သတိမေ့လျော့တတ်သော ရောဂါတို့ စွဲကပ်နိုင်သည်ကို မသိသူများအတွက် စိုးရိမ်မိကြောင်း ကျွမ်းကျင်သူများက ပြောကြားကြပြီး အင်္ဂလန်ရှိ အသက် ၁၄ နှစ်အောက် ကလေးငယ်များသည် အိပ်ချိန်မမှန်ခြင်းကြောင့် ဆိုခဲ့သော ရောဂါခံစားရသူများ ဆေးရုံတက်ရောက်ကုသသူ အရေ အတွက် သုံးဆတိုးလာကြောင်း ကိန်းဂဏန်းများဖြင့် ဖော်ပြထားသည်။ ကျွမ်းကျင်သူများ၏ လေ့လာမှု စစ်တမ်းများအရ အင်္ဂလန်ရှိကလေးငယ် ၁ဝ ဦးလျှင် ကိုးဦး၌ စမတ်ဖုန်း၊ တက်ဘလက်၊ လက်ပ်တော့ပ် တစ်ခုခု ရှိကြသည့်အနက် ခုနစ်ဦးက အိပ်ရာထဲတွင် ၎င်းကိရိယာကို အသုံးပြုနေကြကြောင်း သိရသည်။
၂ဝ၁၃ ခုနှစ်ကထုတ်ဝေသော မျက်မှောက် ဇီဝဗေဒ ဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှု အရ ကလေးငယ်များ အသုံးပြုသော ကိရိယာဖန်သားပြင်မှ ထုတ်လွှတ်သည့် အပြာရောင် အလင်းတန်းသည် လူ့ ဦးနှောက် အတွင်းရှိ အိပ်ပျော်အောင်ညှိပေးသော ဓာတ်များလည်ပတ်မှုကို ရပ်တန့်သွားစေသော အာနိသင်ရှိသည်ဟု ဆိုသည်။ စမတ်ဖုန်း နှင့် တက်ဘလက် တို့ကို ခလုတ်ပိတ်ထားသည့် တိုင်အောင် အိပ်ရာထဲတွင်ထားသော် ကလေး များ အတွက် အိပ်ရေးဝဝ အိပ်နိုင်မည့် အခြေအနေကို အဟန့်အတားဖြစ်စေကြောင်း ကလေး ငယ် ၁၂၅ဝဝဝ ဦးကို လေ့လာဆန်းစစ် တွေ့ရသည်ဟု ၂ဝ၁၆ ခုနှစ် နိုဝင်ဘာတွင် လန်ဒန်ဘုရင့် ကောလိပ်ကျောင်းက ပုံနှိပ် ထုတ်ဝေသော ဆေးပညာဂျာနယ်၌ ဖော်ပြထားသည်။ ကောင်းစွာအိပ်မပျော်သော ဘဝဖြင့် ကြီးပြင်းလာရသော ကလေးများသည် ခန္ဓာကိုယ်အလေးချိန်နှင့် ဆက်စပ်ဖြစ်ပွားတတ်သည့် ဆီးချို၊သွေးချိုကဲ့သို့သော ရောဂါဖြစ်နိုင်ခြေ များကြောင်းလည်း သိရသည်။
ကနေဒါ နိုင်ငံက ၂ဝ၁၄ ခုနှစ်တွင်ထုတ်ဝေသော ပြည်သူ့ကျန်းမာရေး ဂျာနယ်၌ အသက်ကိုးနှစ်မှ ၁၁ နှစ်အရွယ်ရှိ ကလေးများသည် အိပ်ရာထဲသို့ စမတ်ဖုန်း၊ တက်ဘလက်နှင့် လက်ပ်တော့ပ်တစ်ခုခုကို ယူသွားလေ့ ရှိကြခြင်းကြောင့် ၎င်းတို့အတွက် အအိပ်ပျက်ခြင်းနှင့် ခန္ဓာကိုယ်အလေးချိန် ကျဆင်းခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။ အိပ်ရေးပျက်ခြင်းသည် ဆာလောင်မွတ်သိပ်မှုကိုပါ အဟန့်အတား ဖြစ်စေနိုင်သည့်အပြင် ဆယ်ကျော်သက်များနှင့် လူလတ်ပိုင်း အရွယ်များအတွက် အသက်အရွယ် ကြီးပြင်းလာသောအခါ ဦးနှောက် ပိုင်းဆိုင်ရာ အားနည်းချက်များ ခံစားရသည့် အန္တရာယ်ရှိကြောင်း ပညာရှင်တို့က သတိပေးထားကြသည်။ လူတစ်ယောက်အဖို့ အသက် ၂၁ နှစ်အရွယ်အထိ ဦးနှောက် ဖွံ့ဖြိုးရေး အကောင်းဆုံးအချိန်ဖြစ်ပြီး အိပ်စက်အနားယူချိန်က ဦးနှောက် ဖွံ့ဖြိုးရေး အတွက် အများဆုံး အထောက်အကူပြုသဖြင့် ကလေး များ မှတ်ဉာဏ် ကောင်းစေရန် အိပ်ရေးဝအောင် အိပ်စေရမည်ဖြစ်သည်။
လွန်ခဲ့သော ရက်သတ္တပတ်အတွင်း အင်္ဂလန် ကျန်းမာရေး ဂျာနယ်၌ ဆယ်ကျော်သက် များ အနေဖြင့် အိပ်ရာမဝင်မီ မိုဘိုင်းလ်ဖုန်း ပိတ်ပြီးမှ အိပ်ရာဝင်ခြင်းသည် အန္တရာယ်ကင်းကြောင်းကို ကျောင်းသင်ခန်းစာတွင် ထည့်သွင်းရန် အစီအစဉ်များ ရေးဆွဲထားကြောင်း ဖော်ပြထားသည်။ ကျောင်းသင်ခန်းစာတွင် ထည့်သွင်းရန် အစီအစဉ်ရှိသကဲ့သို့ မိဘများကလည်း စံနမူနာကောင်း ပြရမည်ဖြစ်သည်။ မိဘများက ဖန်သားပြင်ကို ကြည့်ရှုနေချိန်တွင် အိပ်ခန်းအတွင်းမှ သားသမီးများကလည်း ဖန်သားပြင် ကြည့်ရှုနေကြမည်ဖြစ်သည်။ ကလေးများ အိပ်ခန်း အတွင်းသို့ မိုဘိုင်းလ်ဖုန်း၊ တက်ဘလက်နှင့် လက်ပ်တော့ပ်မယူရန်တားမြစ်ခြင်းသည် ပျော်ရွှင်မှုကို ပိတ်ပင်ခြင်းဖြစ် သည် ဟူသော အယူအဆကို မိဘများက လွဲမှားနားလည်နေကြသည်။ ကလေးများ အသုံးပြုနေကြသော နည်းပညာပစ္စည်း ကိရိယာတို့ကို အလွန်အမင်းအသုံးပြုလျှင် ကျန်းမာရေး ထိခိုက်နိုင်သည်ကို ပြောဆိုသူ မိဘအနည်းငယ်သာ ရှိခြင်းသည် ကလေးများ အနာဂတ်အတွက် စိုးရိမ်ဖွယ်ဖြစ်ကြောင်း ဒေါက်တာနဲလ်စတန်လေ က ပြောကြားထားသည်။
မြန်မာနိုင်ငံတွင် ၂ဝ၁၃ ခုနှစ်မှစ၍ တန်ဖိုးသင့် တယ်လီဖုန်း များ ရောင်းချပေးပြီး ၂ဝ၁၄ ခုနှစ်မှစ၍ ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ် များ ရောင်းချပေးခဲ့သဖြင့် စမတ်ဖုန်း အသုံးပြုသူ အရေအတွက် များပြားလျက်ရှိရာ လူငယ်နှင့် လူလတ်ပိုင်းအရွယ်များ စမတ်ဖုန်းကို မပြတ်သုံးကြမည်ဆိုသော် ကျန်းမာရေး အတွက် ထိခိုက်နိုင်ကြောင်း ပညာရှင်တို့ လေ့လာတွေ့ရှိချက်ကို စေတနာကောင်းဖြင့် တင်ပြလိုက်ရပါသည်။ ။

Credit :မြ၀တီ

မေတ္တာဖြင့်​ ပြန်​လည်​ကူးယူ​ဖော်​ပြသည်​။
#SoeNaing💕💕


No comments:

Post a Comment