Monday, August 26, 2024

ရာမဟာ မယ်သီတာကို တကယ်ချစ်ခဲ့သလား

 ရာမဟာ မယ်သီတာကို တကယ်ချစ်ခဲ့သလား


ရာမမင်းသားဟာ မယ်သီတာကို ဘယ်တုန်းကမှ မချစ်ခဲ့ပါဘူး။ ကျွန်တော် အခုလို ပြောလိုက်လို့ ကျွန်တော့်ကို ဆရာချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူ စာအုပ် လွှမ်းမိုးမှုကို ခံနေရသူတစ်ဦးလို့ သမုတ်ရင်လည်း ကျွန်တော် မငြင်းပါဘူး။


အဓိက ပြောချင်တာက ရာမမင်းသားနဲ့ ပတ်သက်ပြီး ပြောချင်တာပါ။ ကျွန်တော် မြင်ထားတဲ့ အမြင်လေးတခုပေါ့။ ရာမမင်းသားက မယ်သီတာကို ချစ်ခဲ့သလား ဆိုတာကိုပေါ့။ မယ်သီတာ ကြင်ယာရှာတဲ့ လေးတင်ပွဲမှာ ညီတော် လက္ခဏာက ဝင်ပြိုင်ချင်တဲ့ အချိန်မှာတောင် နောင်တော်ရာမက ဒီကိစ္စ ငါတို့နဲ့ မဆိုင်ဘူးဆိုပြီး ရှောင်နေခဲ့တာပါ။


အဲ့ဒီအချိန်မှာ တပြည်သားလို့ပဲ ပြောရမလား ဇာတ်တော်ထဲကလို ဘီလူးလို့ပဲ ပြောရမလား။ ဒဿဂီရိဟာ လေးတင်ပွဲမှာ နိုင်တော့မလို ဖြစ်နေတာပါ။ ဒဿဂီရိဆီ မယ်သီတာ ပါသွားမှာကို ဘုရင်ရော တိုင်းသူပြည်သားတွေပါ မလိုလားကြဘူးလေ။ ဒါနဲ့ မင်းဆရာ ဘရသေ့က ရာမနဲ့လက္ခဏာ ညီနောင်နှစ်ယောက်ကို ဝင်ပြိုင်ဖို့ တောင်းဆိုတယ်။


အဲ့ဒီအချိန်မှာ နောင်တော်ဖြစ်သူ ရာမက ညီတော်ဖြစ်သူ လက္ခဏာကို လွှဲတယ်။ လက္ခဏဟာ မယ်သီတာကို သဘောကျပေမယ့် အစ်ကို့ကို မကျော်ချင်ဘူးလေ။ အစ်ကိုဖြစ်သူ ရာမက အိမ်ရှေ့ဥပရာဇာ ဖြစ်နေတာလည်း ပါချင်ပါမှာပေါ့။ ပြီးတော့ နောင်တော်နဲ့ပဲ ထိုက်တန်ပါတယ်ဆိုပြီး ရာမဆီလွှဲလိုက်တယ်။


အတိုချုပ်ပြောရရင် ရာမ ဝင်ပြိုင်တယ် နိုင်တယ်ဆိုပါတော့။ နိုင်တော့ မယ်သီတာကို ရတယ်။ ဒီအခြေအနေလောက်ကို ကြည့်ရသလောက် ရာမဟာ မယ်သီတာကို တကယ်ချစ်ခဲ့ရင်  ဟိုးအစတည်းက ဝင်ပြိုင်မှာပေါ့။ အစတည်းက မချစ်ခဲ့ဘူးဆိုတာ သေချာနေပြီလေ။ 


ကဲ! ရသွားပြန်တော့လည်း ချစ်မိသွားလားဆိုတော့ မချစ်ပြန်ဘူး။ အချစ်ရှုံးသူ ဒဿဂီရိက မယ်သီတာရဲ့ ပန်းချီကားလေး စမ်းချောင်းမှာ တွေ့ကတည်းက စွဲလန်းမိခဲ့တာ။ သူက တရားနည်းလမ်းကျကျပဲ လေးတင်ပွဲကို ဝင်ခဲ့ပေမယ့် ရာမရဲ့ မတရားတဲ့နည်းနဲ့ အနိုင်ယူခြင်းကို ခံလိုက်ရတာပါ။


(ပန်းချီကားရှိသူသာ လေးတင်ပွဲ ဝင်ခွင့်ရပြီး ရာမ,လက္ခဏာ ညီအစ်ကိုမှာက ပန်းချီကားမှ မရှိတာ ကြုံလို့ ဝင်ပြိုင်တဲ့သဘော မင်းဆရာ ဘ-ရသေ့ တောင်းဆိုလို့ ဝင်ပြိုင်ခဲ့တာ).


ဒါကြောင့် သူအရမ်းချစ်တဲ့ မယ်သီတာကို မင်းဒဿက မဆုံးရှုံးချင်ဘူး။ အဲ့တော့ ခိုးပြေးတာပေါ့။ မင်းဒဿက ခိုးပြေးပြီး အိပ်ယာထဲလည်း ခေါ်တင်ခဲ့တာ မဟုတ်ပါဘူး။ ဘယ်ကိုမှ ထွက်မပြေးနိုင်အောင် သံကွန်ခြာ ခုနှစ်ထပ်နဲ့အုပ်ပြီး သူ့ရဲ့ အချစ်ကို မယ်သီတာ လက်ခံဖို့ တောင်းတောင်းပန်ပန်နဲ့ ထားခဲ့တာပါ။


အဲ့ဒီအခါမှာ အောင်နိုင်သူ ရာမမင်းသား စွေ့စွေ့ခုန်တော့တာပေါ့။ ကျွန်တော်ကတော့ ရာမမင်းသားက မယ်သီတာကို သိပ်ချစ်လို့ မခံမရပ်နိုင် ဖြစ်တယ်လို့ မထင်မိဘူး။ သူ့လို အိမ်ရှေ့စံတယောက်ရဲ့ ကြင်ယာလောင်းကို အခိုးခံရတဲ့အတွက် ဒေါသ ထွက်တာ တနည်းပြောရရင် သူတို့ မင်းမျိုးမင်းနွယ်ရဲ့ အတ္တလို့ပဲ ထင်မြင်ယူဆမိတယ်။


ဒီလိုနဲ့ ရာမမင်းသားက မယ်သီတာကို ဒဿဘီလူးရဲ့ လက်တွင်းက လိုက်ကယ်တယ်။ ဒဿဘီလူးလည်း သေတယ် မယ်သီတာလည်း နန်းတော်ကို ပြန်ပါလာတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်က မယ်သီတာကို ရာမမင်းသား တကယ် မချစ်ဘူးဆိုတာ ပိုပြီး သဘောပေါက် လိုက်ပါတယ်။


ကျွန်တော် နားလည်ထားတဲ့ အချစ်ဟာ အချစ်တခုတည်းအတွက် ဖြစ်တည်တယ်။ ချစ်မိပြီဆိုရင် ကိုယ့်ချစ်သူရဲ့ အတိတ် အကုန်လုံးကို ခွင့်လွှတ် နားလည်ပေးနိုင်ရမယ်လေ။ ကျွန်တော် သာဆိုရင် အတိတ် ပစ္စုပ္ပန် အနာဂတ် အားလုံးကို ခွင့်လွှတ်ပေးမိမှာပါ။ တကယ်ဖြစ်သင့်တာက ကိုယ်မချစ်မနှစ်သက်တဲ့ သူရဲ့ လက်ထဲမှာ အကျဉ်းကျနေတဲ့ မိန်းမတယောက်ကို အားပေးရမယ် နှစ်သိမ့်ရမယ် နွေးနွေးထွေးထွေး ဆက်ဆံရမယ်ပေါ့။ 


မယ်သီဟာ ဒဿနောက်ကို လိုက်ချင်လို့ လိုက်သွားတာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ရာမမင်းသားက လိုက်ကယ်တယ် ပြီးတော့ မယ်သီတာကို ဒဿနဲ့ ဘာမှ မဖြစ်ခဲ့ဘူးဆိုတာ သစ္စာဆိုခိုင်းတယ်။ တကယ်လို့ ဖြစ်ခဲ့လည်း ဘာအရေးလဲ။ မယ်သီတာက အလိုမတူပဲ ဖြစ်ခဲ့တာလေ။ 


ချစ်ခြင်းမှာ အပျိုစင်ဖြစ်ဖို့ဆိုတာ လိုလို့လား။ မယ်သီတာဟာ သူ, မှဲ့တပေါက်မှ မစွန်းခဲ့တာကို သက်သေပြဖို့အတွက် သစ္စာဆိုပြီး မီးပုံထဲကို ခုန်ဆင်းပြခဲ့တယ်။ သူ့ရဲ့ သစ္စာတရား မှန်ကန်မှုကြောင့် မီးက ငြိမ်းသွားခဲ့တယ်။ အဲ့ဒီတော့မှ ရာမမင်းသားက လက်ခံတာပါ။ ဒီနေရာမှာ ကျွန်တော်ကတော့ ရာမမင်းသားကို ဘယ်လိုမှ လက်ခံကြည့်လို့ မရပါဘူး။ 


ချစ်ခြင်း မချစ်ခြင်းဆိုတာထက် ပိုပြီးတော့ လိင်ခွဲခြား ဆက်ဆံတယ်လို့ပဲ ခံစားခဲ့ရတယ်။ ဒီလိုနဲ့ ရာမမင်းသားက ဘုရင်ဖြစ်လာပြီး မယ်သီတာကို လက်ထပ်ရာ ကာလအတန်ငယ် ကြာမြင့်လာတော့ အမွှာ သားယောင်္ကျားလေး နှစ်ယောက်မွေးတယ်။ နန်းတွင်းဆိုတာလည်း ခက်သားပါလား။ လိုရင်တမျိုး မလိုရင်တမျိုး ခပ်ရှုပ်ရှုပ်ပါလေ။ 


မယ်သီတာ မီးပုံထဲ ခုန်ဆင်းတော့ ဟိုဆီလူးထားလို့ ဒီဆီလူးထားလို့ ဆိုသူကဆို အဲ့ဒီကလေးနှစ်ယောက်ကို မင်းရာမ ရင်သွေး မဟုတ်ဘူးဆိုပြီး ဘုရင်မင်းရာမကို လျှောက်တင်တယ်လေ။ မင်းရာမကလည်း ဘုရင်ဖြစ်ပြီး ယုံလွယ်တာပါပဲ။ ဒီလိုအချိန်မှာက မိမိနဲ့ လင်မယား ဖြစ်နေပြီလေ။


နည်းနည်းလေးပဲ ချစ်ကြည့်စမ်းပါ ကိုယ့်မိန်းမ ကိုယ် နန်းတော်ထဲက နှင်မထုတ်ရက်ဘူး။ မူးကြီးမတ်ရာတွေရဲ့ ကုန်းတိုက်စကား အယုံလွယ်လို့ မယ်သီတာကို နှင်ထုတ်လိုက်တော့လည်း မယ်သီတာက ထွက်သွားရတာပေါ့။ 


ဘရသေ့ကျောင်းမှာ ကလေးနှစ်ယောက်နဲ့ တူတူနေလို့ပေါ့။ ကလေးတွေကလည်း ဇနဲ့လေ။ ဘုရင့်ရွှေသမင်ကိုမှ ဖမ်းသတဲ့။ အဲ့ဒါကို မင်းရာမက သိတော့ ဒီကလေးတွေဟာ မင်းမျိုး မင်းနွယ် သွေးစစ်မှန်လို့ ဒီလို လုပ်ရဲတာဆိုပြီး နန်းတော်ထဲကို ပြန်လည် ခေါ်ယူမယ်ပေါ့။


အဲ့ဒီမှာ ကျွန်တော်ဟာ မင်းရာမကို အမုန်းဆုံး ဖြစ်သွားတာပါပဲ။ ဒီလောက် ဖြူစင်တဲ့ သီတာဒေဝီကို သစ္စာဆိုခိုင်းပြီး ဒုတိယအကြိမ်မြောက် မီးပုံထဲကို ထပ်ပြီး ခုန်ချခိုင်းတယ်။


မယ်သီတာဟာ တသက်စာဒဏ်ရာ ရသွားပြီပေါ့။ သူမ တခါမှ မမှားဘူးတဲ့ ကိစ္စတခုအတွက် အကြိမ်ကြိမ် စော်ကားခံလိုက်ရပြီ။ သူ ဖြူစင်ပါက တမဟုတ်ချင်း ပြာကျလောင်ကျွမ်း သွားပါစေသားလို့ သစ္စာပြုပြီး မီးပုံထဲကို ခုန်ချပြခဲ့တယ်လေ။


ရာမမင်းသား ဘယ်လို ကျန်ခဲ့လည်းဆိုတာကို ကျွန်တော် စိတ်မဝင်စားတော့ပါဘူး။ ကျွန်တော် လက်ခံမိလိုက်တာက ရာမဟာ မယ်သီတာကို မချစ်ခဲ့ယုံမက သူ့အတ္တ သူ့မာနအတွက် မယ်သီတာကို အကြိမ်ကြိမ် စော်ကားခဲ့တယ် ဆိုတာကိုပဲ တွေးမိလိုက်တယ်။


မိတ်ဆွေတို့ အနေနဲ့ရော အချစ်ဆိုတာကို ဘယ်လို ထင်ပါသလဲ။ မိတ်ဆွေတို့ ထင်ထား သိထား ခံစားမိထားတဲ့ အချစ်နဲ့ ချိန်ထိုးကြည့်ရင်ရော ရာမမင်းသားက မယ်သီတာကို တကယ် ချစ်ခဲ့ပါတယ်လို့ သတ်မှတ်မှာလား?


ကျွန်တော် ကတော့ ပြောရဲတယ်..... ရာမမင်းသားဟာ မယ်သီတာကို ဘယ်တုန်းကမှ မချစ်ခဲ့ပါဘူး။


Crd: Original Uploader

Photos: Internet


#SN














Thursday, August 8, 2024

မိန်းမ၀၀ကြီးလို့ သင်ခေါ်တဲ့ ကောင်မလေးက

 

မိန်းမ၀၀ကြီးလို့ 

သင်ခေါ်တဲ့ ကောင်မလေးက

နေ့တိုင်း ပိန်ဆေးတွေသောက်နေရပြီး 

မျက်ရည်တွေနဲ့လေ့ကျင့်ခန်းဆင်းနေတာ

သင်မသိဘူး...♥

-

ရုပ်ဆိုးလိုက်တာလို့ 

သင်ရယ်မောခဲ့တဲ့ ကောင်မလေးက

သူ့ကို လူတွေနှစ်သက်ပါစေဆိုတဲ့ 

မျှော်လင့်ချက်နဲ့နာရီပေါင်းများစွာ 

သူ့မျက်နှာပေါ် မိတ်ကပ်တွေခြယ်သနေရတာ

သင်မသိဘူး...♥

-

လေလွင့်နေတယ်လို့ 

သင်သတ်မှတ်ထားတဲ့ကောင်လေးက

အိမ်အတွက် မဖြစ်မနေ စီးပွား လိုက်ရှာနေရတဲ့ 

လူတစ်ယောက်ဖြစ်တယ်ဆိုတာ

သင်မသိဘူး...♥

-

မျက်နှာမှာ အမာရွတ်တွေနဲ့လို့ 

သင်မျက်နှာရှံ့ခဲ့တဲ့လူတစ်ယောက်

တိုင်းပြည်အတွက် 

အသက်စွန့်တိုက်ခိုက်နေရတဲ့လူတစ်ယောက်မှန်း

သင်မသိဘူး...♥

-

အသက်ဆယ့်လေးနှစ်အရွယ်

ကောင်မလေးတစ်ယောက် 

ကလေးအမေဖြစ်နေတာကို 

“တော်တော်တဏှာကြီးတာပဲလို့ ”သင်ပြောခဲ့ပေမယ့်

သူ ဆယ့်သုံးနှစ်အရွယ်တုန်းက အဓမ္မကျင့်ခံခဲ့ရတာ

သင်မသိဘူး...♥

-

သင်နဲ့ရွယ်တူ

ကောင်လေးတစ်ယောက်ငိုနေတာကို 

သင်ရယ်မောပေမယ့်

သူ့မိခင် လတ်တလောဆုံးပါးသွားတာကို

သင်မသိဘူး...♥

-

======================

-

လူတိုင်းလူတိုင်းမှာ 

နာကျင်မှုအတိမ်အနက်ဆိုတာ ရှိကြတယ်

လူတိုင်းလူတိုင်းမှာ 

၀မ်းနည်းစရာ ငိုကြွေးစရာအကြောင်းတွေရှိကြတယ်

-

ဒါကြောင့် 

သင်ပေါ့ပေါ့ပါးပါးရယ်မောလိုက်ဖို့ တစ်ခုအတွက်နဲ့

လူတစ်ဖက်သားရဲ့ နာကျင်စရာအားနည်းချက်ကို 

ဘယ်တော့မှ မချနင်းမိစေနဲ့....♥ 

Crd:Orginal Uploader